Monday, June 10, 2013

ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားသည့် မီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး လွှတ်တော်ကော်မတီ နှစ်ရပ်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဆွေးနွေး

medialaw-june10
အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ဆွေးနွေးနေစဉ်
ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားသည့် မီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး လွှတ်တော်ကော် မတီ နှစ်ရပ်နှင့် မြန် မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့ ဇွန် ၉ ရက် နံနက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ်၊ ရှစ်မိုင်ရှိ ဟိုတယ်ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းနှင့် အများပြည်သူ ၀န်ဆောင်မှုဥပဒေကြမ်းများနှင့်ပတ်သက်ပြီး အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ ဥပဒေကြမ်း ကော်မတီ မှ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) တို့ တွေ့ ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။   

"မီဒီယာ ဥပဒေဟာ တစ်ခုတည်းပဲ ရှိသင့်ပါတယ်။ အဲဒီ တစ်ခုတည်းအောက် မှာ အားလုံးဟာ ရှိသင့်ပါ တယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ ဘုံသဘော တူညီချက်ပါ။ အသေးစိတ် အချက်ကိုးချက် တင်ပေးတယ် ဆိုတာကလည်း ကျွန်တော်တို့က လူကြီးလူကောင်းဆန်ဆန် ဒီကိစ္စကို လုပ်ပေးတာပါ။ တစ်ဖက်က ဘယ်လိုပဲ လူကြီးလူကောင်း မဆန်စေကာမှု ကျွန်တော်တို့ ဘက်က လူကြီးလူကောင်း ဆန်ရမှာပါ။ ဖြစ်စဉ်တွေ အားလုံးကို ကြည့်တဲ့အခါမှာ ရိုးသားမှု မရှိတဲ့ အချက်တွေကို သွားတွေ့ရပါတယ်" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အနေဖြင့် ယခုကဲ့သို့ ကန့်ကွက်နေရခြင်းသည် မိမိအကျိုးစီးပွား အတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ နိုင်ငံနှင့် လူမျိုးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်း ဖြစ် သည်ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။

"ပြန်ကြားရေး ၀န်ကြီးဌာနကတော့ ဘယ်သူ့အတွက် လုပ်တာလဲ။ တကယ့် အနှစ်သာရရှိရှိ မေးမယ် ဆိုရင် ပြည်သူ့ဝန်ဆောင်မှု လုပ်ကြတဲ့၊ ဗျူရိုကရေစီ ယန္တရားကို စီမံခန့်ခွဲတဲ့ သူတွေက နိုင်ငံသားတွေ အတွက် လုပ်ကြတာပဲ။ နိုင်ငံသားအတွက် အလုပ်လုပ်ကြတာချင်း အတူတူ ဒီလိုမျိုး ဖြစ်တယ် ဆိုတာ တစ်ခုခုတော့ မှားနေပြီ" ဟု ဦးကျော်မင်းဆွေက ပြောကြားပါသည်။  

"အဆိုပါ တွေ့ဆုံပွဲတွင် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က "ပြန်ကြားရေး ၀န်ကြီးဌာနက တာဝန်ပေးတဲ့ ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲနေတယ်။ အဲဒီကာလမှာပဲ ပြန်ကြားရေးက ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်ကို တင်လိုက်တယ်။ ဥပဒေတွေများရင် ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေ တယ်။ ဒုက္ခ ရောက်စေတယ်။ ဒါကြောင့် ဒီဥပဒေကြမ်း နှစ်ခုကို လွှတ်တော်က ပြည့်ပြည့်၀၀ သုံးသပ်ဆွေးနွေးမှာပါ" ဟု ပြောကြားခဲ့သည်။   

"ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ စာနယ်ဇင်း သတင်းတွေ ကို တော်တော်လေး ချုပ်ချယ်ခဲ့တာတွေ လုပ်ခဲ့တယ်။ အရင်ဝန်ကြီး လက်ထက်ကတည်းက။ ဦးအောင်ကြည် ရောက်လာတော့ ရိုးသားတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ရလာတော့မယ်။ ကျွန်တော် တို့ ပေါင်းစပ်ညှိနှိုင်းလို့ ရပြီလို့ ကျွန်တော်ပြောခဲ့ တယ်။ သို့သော်လည်း နောက်ပိုင်း မှာ လုပ်ဆောင်ခဲ့တဲ့ အချက်လေးတွေက နည်းနည်းသံသယ ဖြစ် စရာလေးတွေပေါ်လာတယ်။ အရင်လမ်းကြောင်းအတိုင်းဖြစ်လာတာအမှန်ပါ" ဟု သူရဦးအေးမြင့် က ပြော ကြားခဲ့ပါသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းသည် သတင်းစာ လွတ်လပ်ခွင့်အား ထိခိုက်မှုများ ရှိနေသည်ဟုဆိုကာ မီဒီယာ အဖွဲ့အစည်းများ အရပ်ဘက် လူမှုအဖွဲ့အစည်းများ နိုင်ငံရေး ပါတီများက ဖျက်သိမ်းရန် ကန့်ကွက်မှု များ ပြုလုပ်ခဲ့ရာ လွှတ်တော်မှ ယင်းဥပဒေကြမ်းအား ဆွေးနွေးရန် ဆိုင်းငံ့ထားခဲ့သည်။       

အလားတူ ပြည်သူလူထု၏ ဘဏ္ဍာငွေအား အသုံးပြုပြီး လုပ်ဆောင်မည့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ယင်းဥပဒေကြမ်းတွင် ရေးဆွဲထားသည့် အချက်များကို ဂျာနယ် လစ်များ က သံသယ ရှိနေသည်။  
Eleven Media Group

No comments:

Post a Comment