Sunday, June 16, 2013

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်ရှိ တံတားကျိုးကျသဖြင့် ဆက်သွယ်ရေး လမ်းကြောင်းများ ခေတ္တပြတ်တောက်

kalaygangaw-june16
ကလေး-ဂန့်ဂေါ လမ်းပေါ်ရှိ သာစည်ကျေးရွာအနီးမှ သံပေါင်ဘေလီ တံတားအမှတ် ၁။ ၈၁ ကျိုးကျနေမှုအား ဇွန် ၁၅ ရက် နံနက်က တွေ့ရစဉ်
မိုးရာသီ အတွင်းတွင် အသုံးပြုသော အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်ရှိ တံတား တစ်စင်းသည် ဇွန် ၁၅ ရက်နံနက် ၀၀း၁၅ ခန့်တွင် ကျိုးကျခဲ့သဖြင့် ဆက်သွယ်ရေး လမ်းကြောင်း များ ခေတ္တပြတ်တောက်ခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ တံတားသည် ကလေးမြို့မှ သုံးမိုင်ကျော် ကွာဝေးပြီး အာရှလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ သာစည်ကျေးရွာအနီးမှ သံဘောင် ဘေလီတံတားအမှတ် ၁။ ၈၁ တံတားဖြစ် သည်ဟု သိရှိရသည်။
"ကားက တံတားကိုရောက်တော့ ည ၁၂ နာရီ ၁၅ မိနစ်လောက် ရှိပြီထင်တယ်။ ကျွန်မက မအိပ်သေးဘူး။ ကားပေါ်က အသံတွေ ကြားရတယ်။ ကားစပယ်ယာလေးကဆင်းကြည့် တယ်။ နောက်ကားကို မောင်းခဲ့ ဆိုပြီး ပြောသံကြားတယ်။ နောက်တော့ ကျိုးကျသံကြားရပြီး သူတို့အချင်းချင်း စကားပြောသံတွေ ကြားရတယ်။ တံတားကျိုးတဲ့ ဖြစ်စဉ်ကြောင့် လူအသေအပျောက်တော့ မရှိဘူး ထင်ပါတယ်။ တံတားကို ကုန်ကားကြီးတွေ မဖြတ်ရဘူးလေ။ သူတို့ကားက အပေါ်က ယန္တရားစက်ကြီးတစ်စီး တင်လာသေးတော့ ဒဏ်မခံနိုင်လို့ ကျိုးကျတာ ထင်ပါတယ်" ဟု အဆိုပါ တံတားထိပ်တွင် နေထိုင်သူ အမျိုးသမီးက ပြော ကြားခဲ့ သည်။
ကလေးဝ-ယာကြီး-မုံရွာလမ်း ပိတ်ထားမှုကြောင့် ခရီးသည်တင် မှန်လုံယဉ်များ၊ နယ်စပ် ကုန်သွယ်ရေး အတွက် ပို့ဆောင်နေသော ကုန်ကားများသည် ယခုကဲ့သို့ မိုးရာသီ ကာလအတွင်း၌ လမ်းကြောင်းသစ်အဖြစ် ကလေး-ဂန့်ဂေါ-မုံရွာ-မန္တလေးလမ်းကို အသုံးပြု၍ သွားလာလျက် ရှိသည်ဟု သိရှိရသည်။  
"ကားက သစ်တင်တဲ့ကားဗျ။ ယန္တရားကားကြီး တစ်စင်းကို တင်လာတာ။ အောက်မှာ ကုန်ကားကြီးတွေ သွားတဲ့ ကွင်းလမ်းရှိတယ်။ သူက တံတားပေါ်ကဖြတ်လို့ ကျိုးကျတာ။ အခုလောလော ဆယ်တော့ ချောင်းရေက သိပ်မများတော့ ကွင်းလမ်းကသွားနေကြတယ်" ဟု အဆိုပါတံတား ကျိုးကျ သည့် နေရာသို့ သွားရောက်ခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ကလေး-ဂန့်ဂေါလမ်းအတွက် ပြင်ဆင်စရိတ် ရန်ပုံငွေ ကျပ် ၁၂၅၀ သန်း လျာထားပေးခဲ့သည်ဟု သိရသည်။

From....Eleven

No comments:

Post a Comment