Sunday, June 16, 2013

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လူသတ်ဓားပြတိုက်မှုနှင့် ပတ်သက်၍ လက်ရှိဖမ်းဆီးထားသူ လေးဦးမှာ မသင်္ကာသူအဖြစ် စစ်ဆေးဆဲ အဆင့်သာဖြစ်

သထုံမြို့နယ်တွင် ရာဇာမင်း ခရီးသည်တင်ယာဉ်အား လူသတ်ဓားပြတိုက်မှုနှင့် ပတ်သက်၍ လက်ရှိဖမ်းဆီး
ထားသူ လေးဦးမှာ မသင်္ကာသူများအဖြစ် စစ်ဆေးနေဆဲ အဆင့်သာ ရှိသေးကြောင်း ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက The Daily Eleven News သို့ ပြောကြားခဲ့သည်။
မသင်္ကာသူ လေးဦးကို ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် သထုံခရိုင် အလံတစ်ရာ ကျေးရွာရှိ နေအိမ် တစ်အိမ် အား ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မသင်္ကာသဖြင့် ၀င်ရောက်ဖမ်းဆီးရာတွင် လမ်းလျှောက်စကားပြောစက် (I-Con) နှင့် လက်နက် အချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်ပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက "ကျူးလွန်သွားတဲ့ သူတွေကို ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ အထူးစုံစမ်း စစ်ဆေးဖမ်းဆီးရေး အဖွဲ့တွေကို ဖွဲ့ပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ စုံစမ်းနေတဲ့ အချိန်မှာ သထုံခရိုင်အတွင်းက နေအိမ်တစ်အိမ်ကို မသင်္ကာလို့ ၀င်ရောက်ဖမ်းဆီးခဲ့တယ်။ သူတို့တွေက အိမ်ကနေ ကားနဲ့အထွက်မှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်။ အခု ဖမ်းဆီးခဲ့တဲ့ သူတွေက ရာဇာမင်းကားတွေကို ဓားပြတိုက်ခဲ့တဲ့သူတွေ ဟုတ်၊ မဟုတ်ကိုတော့ စစ်ဆေးနေ ဆဲ ဖြစ်တယ်။ အကယ်၍ မဟုတ်ခဲ့ဘူးဆိုလည်း တရားမ၀င် လက်နက်ကိုင်ဆောင်တဲ့ ဥပဒေနဲ့ အရေးယူသွားပါမယ်" ဟု ပြောကြားခဲ့သည်။ မသင်္ကာ၍ ဖမ်းဆီးခဲ့တဲ့သူများမှာ အမျိုးသားသုံးဦးနှင့် အမျိုး သမီး တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အခု ဖမ်းဆီးခဲ့တဲ့ သူတွေက ရာဇာမင်းကားတွေကို ဓားပြတိုက်ခဲ့တဲ့သူတွေ ဟုတ်၊ မဟုတ်ကိုတော့ စစ်ဆေးနေဆဲ ဖြစ်တယ်။ အကယ်၍ မဟုတ်ခဲ့ဘူးဆိုလည်း တရားမ၀င် လက်နက်ကိုင်ဆောင်တဲ့ ဥပဒေနဲ့ အရေးယူသွားပါမယ် . . . . .
ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပုံမှာ ဇွန် ၈ ရက် ည ၉ နာရီခန့်တွင် ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင် မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာအနီး ဘုရားကုန်းကွေ့ အရောက်၌ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်များအနက် ခရီးသည်ငါးဦးမှ မျက်နှာဖုံး စွပ်ပြီး သေနတ်များဖြင့် ပစ်ဖောက်ခြောက်လှန့်ကာ ဒရိုင်ဘာအား သေနတ်ဖြင့်ထောက်ပြီး မိုင်တိုင် ၁၅၄/၄၊ ၁၅၄/၅ အောင်းဆိုင်းရွာ အ၀င်လမ်း နှစ်ဖာလုံခန့်သို့ မောင်းနှင်သွားခိုင်းပြီးနောက် ဓားပြတိုက်ခဲ့ကြောင်း သိရသည်။ ယင်းဓားပြတိုက်မှုတွင် ဒရိုင်ဘာနှင့် ယာဉ်နောက်လိုက်တို့နှစ်ဦး အသတ်ခံခဲ့ရပြီး ခရီးသည်များ ထံမှ ရွှေ၊ ငွေနှင့် ပစ္စည်းများ ယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အဝေးပြေးခရီးစဉ် ပြေးဆွဲနေသော ယာဉ်လိုင်းအများစုတွင် ခရီးသည် လျော့ကျခဲ့ပြီး ယာဉ်လိုင်းတာဝန် ရှိသူများမှာလည်း အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်-မော်လမြိုင် ခရီးသို့ ပြေးဆွဲနေသော စိုးမိုးအောင်ယာဉ်လိုင်းမှ တာဝန်ရှိသူ ကိုအာကာက "ဒီဓားပြ တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်လိုင်းတွေအကုန်လုံး စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။ အခုလို ဖြစ် သွားပေမယ့် လည်း လုံခြုံရေးကို ကိုယ့်ဘာသာကိုယ် လုပ်နေရပါတယ်" ဟု  ပြောကြားခဲ့သည်။
ရာဇာမင်း ခရီးသည်တင် ယာဉ်ပေါ်တွင် ပါရှိလာသူ ခရီးသည် တစ်ဦးက "ကားက မော်လမြိုင်ကို ည ၇ နာရီ မထိုးခင် ရောက်တယ်။ သံလွင်တံတားအကျော် မုတ္တမရောက်တော့ ခရီးသည် ယောက်ျား ငါးဦး၊ ခြောက် ဦးလောက် တက်လာတယ်။ ကားကတီဗွီလည်း မဖွင့်ဘူး။ မှောင်နေတော့ အားလုံးအိပ်တဲ့သူက အိပ် တယ်။ မှေးပြီးလိုက်တဲ့ သူကလည်း ရှိတယ်။ တစ်နာရီလောက်ကြာတော့ မျက်နှာဖုံးစွပ်ပြီး ဂျာကင်ဝတ် ထားတဲ့ သူငါးယောက်လောက်က သေနတ်တွေထုတ်ပြီး ပစ်တယ်။ ပြီးတော့ ခရီးသည်တွေ ကို မှောက် ခိုင်းပြီးတော့ ရွှေ၊ ငွေတွေကို တောင်းပါတယ်" ဟု ၎င်း၏ မြင်တွေ့မှုကို ပြောကြားခဲ့သည်။
ဓားပြတိုက်ခံရသည့် ဖြစ်စဉ်ကို သထုံမြို့ မရဲစခန်း (ပ) ၉၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၉၆ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

From....Eleven

No comments:

Post a Comment