Tuesday, June 11, 2013

စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားကုမ္ပဏီများ အကျိုးတူ ဆောင်ရွက် သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် ပို့ကုန်/သွင်းကုန် လိုင်စင် ကင်းလွတ်ခွင့်ပေး

6.10.5

ကန်ပေါက်မြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထိန်းချုပ်ရေးစခန်း လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားကုမ္ပဏီများအကြား အကျိုးတူ ဆောင်ရွက်သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းများအတွက် ပို့ကုန်/သွင်းကုန် လိုင်စင်လျှောက်ထားခြင်းကို ကင်းလွတ် ခွင့်ပေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာလုပ်ငန်းများ အတွက် စွမ်းအင် ၀န်ကြီးဌာန ကြီးကြပ်မှုဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသုံး ပစ္စည်းကိရိယာများအား ပြည်ပမှတင်သွင်းခြင်းနှင့် လုပ်ငန်းပြီးဆုံး ၍ ပြည်ပ သို့ ပြန်လည်တင်ပို့ခြင်းများအတွက် ပို့ကုန်/သွင်းကုန် လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ် ခွင့်ပြုကြောင်း သိရသည်။

ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့်လည်း ပို့ကုန်ပစ္စည်း ၁၅၂ မျိုး၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုးတို့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားရယူရန် မလိုအပ်ဘဲ တင်ပို့တင်သွင်းခွင့် ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၁၆/ ၂၀၁၃ အရ သိရသည်။

ပို့ကုန်တင်ပို့သူများအတွက် တင်ပို့ခွင့် လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်စည်အချို့မှာ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ပန်းပွင့်၊ ခရမ်းချဉ်သီး၊ မုန်လာဥ၊ ပဲမျိုးစုံဖြစ်သည့် စားတော်ပဲ၊ ကုလားပဲဖြူလုံးကြီး၊ ပဲနီပြား၊ ထောပတ်ပဲ၊ သစ်တောထွက်ကုန်များ ဖြစ်သည့် ဂမုန်းဥ၊ ၀ါးကုန်ချောပစ္စည်း၊ မျစ်စို/မျစ်ခြောက် အစရှိသည်တို့ ဖြစ်ပြီး တင်သွင်း ခွင့် လျှောက်ထားရန် မလိုသည့် ပစ္စည်းများတွင် လျှပ်စစ်ပစ္စည်း အပါအ၀င် အခြားကုန်စည်များ ပါဝင်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment