Monday, June 10, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းတွေ့ရှိချက်ပါ အကြံပြုချက်များအား အစီရင်ခံစာ ထွက်ရှိပြီး သုံးလခန့် ကြာသည်အထိ အကောင်အထည် ဖော်နိုင်မှု မရှိသေး

latpantaung-june10

မေလအတွင်းက လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း ထွန်ယက်မှုနှင့် ပတ်သက်ပြီး တောင်သူများနှင့် တာဝန်ရှိသူများအကြား တင်းမာမှု ဖြစ်ပွားစဉ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းဖြစ်ပွားခဲ့သည့် ပြဿနာများအတွက်လက်ပံတောင်းတောင်   ကြေးနီ သတ္ထု တူးဖော်ရေး စုံစမ်း စစ်ဆေးရေး ကော်မရှင် အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပြီးနောက် ကော်မရှင် အကြံပြုချက်များအား မတ် ၁၁ ရက်က တရားဝင် ထုတ်ပြန်ခဲ့သော်လည်း သုံးလခန့်ကြာသည့်အထိ ကော်မရှင်၏အကြံပြုချက်များအား အကောင်အထည် ဖော်နိုင်မှု မရှိသေးကြောင်း လက်ပံတောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ သတင်းရရှိ သည်။

"ဒေသခံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ဆိုတာထက် နိုင်ငံနဲ့ချီပြီး အရေးကြီးတဲ့ စီမံကိန်းအတွက် စာချုပ်ကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ နှစ်ပတ်အတွင်း စာချုပ်အသစ် ပြန်လည်ချုပ်ဆိုပါ ဆိုတာ ကိုတောင် အခုလို သုံးလလောက် ကြာတဲ့အထိ စာချုပ်အသစ် မချုပ်နိုင်သေးဘူး" လက်ပံတောင်းတောင်   ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီအား ကူညီပေးနေသည့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကော်မရှင်အကြံပြုချက်အတိုင်း စီမံကိန်း လုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင် ကြေးနီကုမ္ပဏီအနေဖြင့် ဒေသခံများ၏ လူမှုဘ၀ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများအတွက် ၀ါးတန်း၊ ဖောင်းကတာ၊ မိုးကြိုးပြင် မြောက်ရွာနှင့် စီမံကိန်း အနီးရှိ ကျေးရွာ ၃၀ အတွက် ကျပ်သိန်းထောင်ဂဏန်း အကုန်အကျခံ၍ လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း တုံရွာ၊ ဆည်တဲရွာ စသည့်စီမံကိန်းအတွက် လယ်ယာမြေများ အဓိက သိမ်းပိုက်ခံခဲ့ရသည့် ရွာများကိုမူ မည်သည့် ဖွံ့ဖြိုး တိုးတက်ရေးမျှ လုပ်ဆောင်ပေးမှု မရှိကြောင်း ဒေသခံများမှ တညီတညွတ်တည်း ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်းအား စတင်လုပ်ဆောင်စဉ်က အနှစ် ၃၀ စီမံကိန်းသာ ဖြစ်သော် လည်း မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အနှစ် ၃၀ ထပ်မံ တိုးမြှင့်သည်ဆိုကာ ဒေသခံများနှင့် ဆွေးနွေးမှု မရှိဘဲ အနှစ် ၃၀ ထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် လက်ပံတောင်းတောင် ကြေးနီသတ္ထု တူးဖော်ရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်စာ ထွက်ရှိလာပြီးနောက် ဒေသခံများ၏ လယ်မြေ တစ်ဧကလျှင် ကျပ် ၁၀ သိန်းဖြင့် လျော်ကြေးများ ပေးအပ်စေခဲ့ပြီး အဆိုပါလျော်ကြေး လက်ခံရရှိကြောင်း စာချုပ်တွင်မူ အနှစ် ၆၀ သိမ်းယူကြောင်း မပါရှိဘဲ သားစဉ်မြေးဆက် အပြီးအပြတ် ရောင်းချပြီး ဖြစ်ကြောင်းသာ ပါရှိသည့်အတွက် ဒေသခံ အချို့မှ လယ်ယာမြေ လျော်ကြေးများ ရယူခြင်း မရှိကြောင်း သိရှိရပါသည်။

မီးလောင်ဗုံး ၅၅ လုံးဖြင့် ဖြိုခွင်းခဲ့ပြီး သံဃာတော် ၉၉ ပါးနှင့် လူကိုးဦး မီးလောင်ဒဏ်ရာများ ရရှိစေခဲ့ သည့် အဓိကတရားခံမှာ လွတ်မြောက်နေဆဲ ဖြစ်သော်လည်း ဒေသခံများနှင့် ဒေသခံများအား ဥပဒေကြောင်း အရ ကူညီနေသူများတွင် တရားဝင် ထုချေခွင့် မရှိဘဲ ထောင်ဒဏ်ကျခံရသူ ခုနစ်ဦးအထိ ရှိနေ . . . . . 
ထိုသို့ မြေယာလျော်ကြေး ရယူမှု မရှိသဖြင့် ဒေသခံများ လယ်ယာမြေ လုပ်ကိုင်နိုင်မှု မရှိရန် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး မိမိပိုင် လယ်မြေပေါ်တွင် ထွန်ယက်သူများအား ဖမ်းဝရမ်းထုတ်ခြင်းများ လုပ်ဆောင်နေကြောင်း လက်ပံတောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်   ရေး ကော် မတီ မှ မမာမာဝင်းက ဆိုပါသည်။

"သားစဉ်မြေးဆက် လက်လွှတ်ရမယ့် မြေအတွက် တစ်ဧကကျပ် ၁၀ သိန်းဆိုတဲ့ လျော်ကြေးက တစ်နှစ် လုပ်တဲ့ အမြတ်တောင် မရှိပါဘူး။ အခုဆိုရင် လျော်ကြေးမယူဘဲ ကိုယ့်လယ်ကိုယ်ထွန်တဲ့ သူတွေကို ဖမ်းဝရမ်း ထုတ်တာမျိုးတွေ ရှိတယ်။ ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် ဦးပိုင်နဲ့ ၀မ်ပေါင်က လူတွေကို လွတ်လပ်စွာ သွားလာခွင့် ပေးထားပြီး လျော်ကြေးမယူတဲ့ ရွာတွေကို ကင်းပုန်းတွေဝပ်ပြီး စောင့်နေ တာမျိုးတွေအထိ ရှိလာတယ်။ ၀မ်ပေါင်အနေနဲ့လည်း ဒေသဖွံ့ဖြိုးရေးတွေ လုပ်နေတယ် ဆိုပေမယ့် ရွာသစ်အတွက် လုပ်တာပါ။ စီမံကိန်းကြောင့် ပြောင်းရမယ့် ရွာဟောင်းတွေမှာ ဘာမှလုပ်မပေးပါဘူး" ဟု မမာမာဝင်းက ဆိုပါသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စီမံကိန်းအား ဆက်လက်လုပ်ဆောင်သင့်ကြောင်း အစီရင်ခံစာ ထွက်လာပြီးနောက် ဒေသခံများ၏ နစ်နာမှုများ ကူညီဆောင်ရွက်သူ ကျောင်းသား လူငယ်များအား အမှုအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်း၊ ဒေသခံများအတွက် ပုဒ်မ ၁၄၄ ထုတ်၍ လယ်ယာမြေ ထွန်ယက်ခြင်းများ ပြုလုပ်ပါက ၀ရမ်းထုတ်ခြင်း၊ ဒေသခံများမှ လက်ပံတောင်းတောင်နှင့် ပတ်သက် သည့်ဒေသခံများ ဖွင့်လှစ်သည့် အမှုများအား ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟုဆိုကာ ဥပဒေကြောင်းအရ ကာကွယ်ပေးမှု မရှိခြင်း စသည့်ဖြစ်ရပ်များနှင့် ကြုံတွေ့နေရကြောင်း လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများအား ကူညီပေးနေသည့် ဆရာတော် ဦးစန္ဒာဝရက ဆိုသည်။

လက်ပံတောင်းတောင် စီမံကိန်းအား ဆက်လက်လုပ်ဆောင် မှုသည်သာ အသင့်လျော်ဆုံး ဟုဆိုကာ ဆက်လက်လုပ်ဆောင်ပါက မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတတ် အနေဖြင့် လုပ်ဆောင်သင့်သည့် အချက်များမှာ နိုင်ငံတော် အကျိုးအမြတ် ပိုမိုရရှိရန် တည်ဆဲဥပဒေနှင့် အညီ သတ္ထုတွင်း ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်၊ လုပ်ငန်းခွင် ထိခိုက်မှုနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်၊ မြေယာလျော်ကြေးများအား ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ပေးရန်၊ သိမ်းဆည်းမြေများမှ ပိုလျှံမြေများအား ဒေသခံများသို့ ပြန်ပေးရန် အလုပ်အကိုင် အခွင့်အလမ်းအတွက် အသေးစား အလတ်စား လုပ်ငန်းများ ထူထောင်ပေးရန်၊ ပထမ လယ်တီဆရာတော်ကြီး သီတင်းသုံးခဲ့သည့် သာသနိက အဆောက်အအုံများအား မပျက်စီးစေ ဘဲ ပြောင်းရွှေ့ ရန် စသည့် အချက်များအား လုပ်ဆောင်ရန် ကော်မရှင်မှ အကြံပြုခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက် မှ ပြင်ဆင်နိုင်ခွင့် ရှိပြီး ပြင်ဆင်နိုင်ရေး ဆောင်ရွက်မည်ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်အား ပြောကြားခဲ့ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

လက်ပံတောင်းတောင် အရေးတွင် အစီရင်ခံစာ ထွက်ရှိလာပြီးနောက် သံဃာတော်များ ရှိနေသည့် သပိတ်စခန်းများအား မီးလောင်ဗုံး ၅၅ လုံးဖြင့် ဖြိုခွင်းခဲ့ပြီး သံဃာတော် ၉၉ ပါးနှင့် လူကိုးဦး မီးလောင်ဒဏ်ရာများ ရရှိစေခဲ့သည့် အဓိက တရားခံမှာ လွတ်မြောက်နေဆဲ ဖြစ်သော်လည်း ဒေသခံ များနှင့် ဒေသခံများအား ဥပဒေကြောင်းအရ ကူညီနေသူများတွင် တရားဝင် ထုချေခွင့် မရှိဘဲ ထောင်ဒဏ် ကျခံရသူ ခုနစ်ဦးအထိ ရှိနေပြီး ထပ်မံ၍ ဖမ်းဝရမ်း ထုတ်ခံရသူ ၁၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ကိုဝေဠုက ဆက်လက်ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment