Monday, June 10, 2013

ဖုန်းစာချုပ် မရရှိသဖြင့် အရစ်ကျ စနစ်ဖြင့် ဖုန်းဝယ်ယူထားသူများ အခက်ကြုံ

ကျေးလက် ဒေသများတွင် အရစ်ကျ စနစ်ဖြင့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ၀ယ်ယူထားသူများ အနေဖြင့် ဖုန်းစာချုပ် မရရှိမှုကြောင့် အခက်အခဲ ကြုံတွေ့ရကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့်လည်း ယင်းကိစ္စအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးရန် အစီအစဉ် မရှိကြောင်း သိရသည်။


"ကျပ် ၁၅၀၀ ဖုန်းတွေတောင် ဖုန်းစာချုပ် ရှိသေးတာပဲ။ ကျွန်တော်တို့ အနေနဲ့ ဒီအရစ်ကျ ဖုန်းတွေကို ကျပ်တစ်သိန်း နီးပါးလောက် ပေးသွင်းခဲ့ရတာ၊ ဖုန်းစာချုပ် ရသင့်တယ်။ အင်တာနက် လျှောက်တာ၊ ဖုန်းကတ်ပျက်တာ၊ ဖုန်းကတ်ပျောက်တာနဲ့ အရောင်းအ၀ယ်တွေ လုပ်တဲ့အခါ စာချုပ်က လိုတာပဲလေ။ စာချုပ်မရှိတဲ့အခါ မလိုအပ်တဲ့ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်" ဟု မွန်ပြည်နယ်၊ သထုံမြို့နယ်မှ အရစ်ကျ စနစ်ဖြင့် ဖုန်းဝယ်ယူခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

ဈေးကွက် အတွင်း၌ ဖုန်းဆင်းကတ် အရောင်းအ၀ယ် ပြုလုပ်သည့်အခါ ဖုန်းစာချုပ် ရှိပါက ဈေးနှုန်းပိုမို ရရှိပြီး ဖုန်းစာချုပ် မရှိပါက ဈေးနှုန်းလျော့နည်းကြောင်း သိရသည်။ ဆက်သွယ်ရေး ရုံးများတွင် တစ်စုံတစ်ရာ ဆောင်ရွက်ရပါကလည်း ဖုန်းစာချုပ် လိုအပ်မှု ရှိနေကြောင်း သိရသည်။

"အရစ်ကျ ဖုန်းတွေအတွက် ငွေဆက်သွင်းစရာ မလိုတော့ပါဘူး။ ငွေဆက်သွင်းစရာ မလိုတော့ပါဘူးဆိုမှ ပြီးပြီပေါ့။ ကျန်တာကတော့ သက်ဆိုင်တဲ့အဖွဲ့တွေက ဆက်ပြီးဆောင်ရွက်ပါလိမ့်မယ်" ဟု ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြား သည်။
Eleven Media Group

No comments:

Post a Comment