Saturday, June 22, 2013

ခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ အမျိုးသမီး မြစ်ထဲကျ သေဆုံးမှု တာဝန်ကျ ရဲများကို ခုံရုံးဖွဲ့စစ်

ရွှေ ၃၀ ကျပ်သား ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခံရသူ အမျိုးသမီးတစ်ဦး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း ပြုတ်ကျ သေဆုံးမှုကြောင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များကို အကျယ်ချုပ်ဖြင့် ဖမ်းဆီးကာ စုံစမ်းရေး ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ပုသိမ်မြို့ ငဝန်မြစ်တစ်ဖက်ကမ်း သပြေပင်ကျေးရွာရှိ ဦးအုန်းသန်း နေအိမ်တွင် ရွှေ ၃၀ ကျပ်သားခန့် ပျောက် ဆုံးမှုကြောင့် မသင်္ကာ၍ ဖမ်းဆီးထားသူ ဒေါ်သန်းသန်းအေး၏ ထွက်ဆိုချက်ဖြင့် သက်သေခံပစ္စည်း ရရှိမည် ဆိုသည့်အတွက် ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက ဒေါ်သန်းသန်းအေးနှင့် ရဲတပ်ဖွဲ့ဝင်များ ငဝန်မြစ်အတွင်း သွားရောက် စစ်ဆေးရာမှအပြန် မြစ်အတွင်း ခုန်ချခြင်း ဖြစ်ကြောင်း ယင်းအမျိုးသမီးကို ဖမ်းဆီးထားသည့် သင်္ဘောကျင်း ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်ကြည်လင်းက ပြောကြားသည်။

ယင်းခိုးမှု စွပ်စွဲချက်ဖြင့် ဒေါ်သန်းသန်းအေးနှင့် ခင်ပွန်းဖြစ်သူ ဦးနန်းဝင်းကို သင်္ဘောကျင်း ရဲစခန်းက ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ပုသိမ်မြို့ ဈေးချောင်းလမ်း တံတားအနီးတွင် ဇွန်လ ၁၉ ရက်နေ့နံနက်ပိုင်းကအဆိုပါ အမျိုး သမီး အလောင်း ပေါ်လာပြီး လက်ထိတ်နောက်ပြန် ခတ်ထားကာ ခြေထောက်နှစ်ဖက်ပူး၍ ကြိုးချည်ထားကြောင်း မျက်မြင်တစ်ဦးက ပြောဆိုသည်။

ဒေါ်သန်းသန်းအေးနှင့် ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ဒေါ်သန်းသန်းအေး မသေဆုံးမီ အချိန် ကတည်းက မိသားစဝင်များက အမှတ်(၁) ရဲစခန်း (အသည်ကြီး)၊ အမှတ်(၂)ရဲစခန်း (ကိုးသိန်း) နှင့် သင်္ဘောကျင်း ရဲစခန်းတို့သို့ ဆက်သွယ်စုံစမ်းသော်လည်း အဖြစ်မှန်ကို ပြောကြားခြင်း မရှိကြောင်း မိသားစု ဝင်များက ဆိုသည်။

အဆိုပါ အမျိုးသမီး သေဆုံးမှုကို ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေ ခေါင်းဆောင်သည့် စုံစမ်းရေး အဖွဲ့က ဒေါ်သန်းသန်းအေး သေဆုံးချိန်က လှေပေါ်တွင် အတူလိုက်ပါလာသည့် ဒုရဲအုပ် နိုင်အောင်ကျော် အပါအဝင် ရဲတပ်ဖွဲ့ဝင်ငါးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးတို့ကို စုံစမ်းစစ်ဆေးနေကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment