Sunday, June 23, 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ မျှော်မှန်း

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။
အဆိုပါ ပမာဏမှာ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်ထက် နှစ်ဆခန့် ပိုမိုသော ပမာဏ ဖြစ်ပြီး ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၉၄ ခုကို လုပ်ကိုင်ခွင့် ပြုခဲ့သည်။

ယင်းကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသော်လည်း မျှော်မှန်းသည့် ပမာဏနှင့်စာလျှင် နည်းနေသေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုတွေ ခေါ်နေပေမယ့် လျှပ်စစ်မီး အခက်အခဲ၊ မြေဈေးကြီးတာ၊ ကျွမ်းကျင်လုပ်သား အလုံအလောက်ရှိ မရှိ၊ ဥပဒေတွေကရော သူတို့က(နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ) အကာအကွယ် ပေးထားရဲ့လား ဆိုတာတွေက ရင်းနှီးမြှုပ်နှံသူတွေအတွက် စဉ်းစားစရာ ဖြစ်နေတယ်” ဟု ဦးစိုးသိန်းက ပြောကြားသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုသည် အထည်ချုပ်နှင့် ဖိနပ်ချုပ် စက်ရုံများတွင်သာ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု များနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၉၄ ခုအနက် ၇၈ ခုမှာ စက်မှုလက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်း ၅၆,၄၅၀ ဖန်တီး နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုနှစ် ဇန်နဝါရီလ ၂ ရက်မှ ဇွန်လ ၁၂ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄၆ ခု ခွင့်ပြုထားပြီး ခြောက်လအတွင်း ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခုနစ်ခု ခွင့်ပြုထားသည်။

The Voice Weekly

No comments:

Post a Comment