Thursday, June 6, 2013

ဇူလိုင်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက်ကိုင် အဖွဲ့များ ယခုလအတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များ ၌ တွေ့ဆုံဆွေးနွေးမည်

peace-june6

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့၌ မေ ၃၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ဇူလိုင်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက်ကိုင်အဖွဲ့များ ယခုလအတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ တွေ့ ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့နှင့် နေပြည်တော်၊ ရန်ကုန်မြို့များ၌ ယခုလအတွင်း တွေ့ဆုံရန် စီစဉ်နေသည်ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။       

"KIO၊ KNU၊ KNPP နဲ့ SSA အဖွဲ့တွေနဲ့ ဒီလအတွင်း တွေ့ဆုံဖို့ ရှိပါတယ်။ SSA/KIO အဖွဲ့တွေနဲ့ အရင်ဆုံး တွေ့ဖြစ်ဖို့ များတယ်။ ဆွေးနွေးပွဲတချို့က နေပြည်တော်မှာ ဖြစ်မယ်။ တချို့လည်း ရန်ကုန် မှာ တွေ့ဖြစ်မယ်" ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။   

"ကေအိုင်အိုနဲ့က ပြီးခဲ့တဲ့ အစည်းအဝေးအရ ကျွန်တော်တို့ Technical Team အချင်းချင်းတွေ့ဖို့ အရင်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ သူတို့ Technical Team ဖွဲ့ပြီးရင် ဆွေးနွေးဖို့ စောင့်နေတာပါ" ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

"အဓိကကတော့ အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးဖို့အတွက် အကြိုဆွေးနွေးပွဲပါ။ တွေ့ဆုံမှုမှာ ဆုံးဖြတ်မှာ မဟုတ်ဘူး။ ပြဿနာ အားလုံးကိုသိတဲ့ နှစ်ဖက်စလုံးရဲ့ ပေါ်လစီကို နားလည်တဲ့ Technical Team တွေ တွေ့ဆုံပြီးနောက် လာမယ့်ဆွေးနွေးပွဲအတွက် ပြင်ဆင်ပေးတဲ့ သဘောပေါ့။ ဆွေးနွေးချက်တွေ ကို ယူသွားပြီး နှစ်ဖက်လုံးကို တင်ပြလို့ အဆင်ပြေရင် အဆုံးအဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင်တွေေ နာက်တစ်ကြိမ် တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ဖြစ်နိုင်တာပေါ့" ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငယ်များ အားလုံးပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို  ဇူလိုင်လလယ် ၀န်းကျင်တွင် ပြုလုပ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။
ELEVEN

No comments:

Post a Comment