Saturday, June 15, 2013

လေဖိအားနည်း ရပ်ဝန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ရေလွှမ်းမိုးနိုင်

တောင်တရုတ်ပင်လယ် အတွင်းရှိ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး (တောင်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီး (အရှေ့တောင်ပိုင်း) တို့တွင် ရေဖုံးလွှမ်းနိုင်ခြေ ရှိသဖြင့် ဒေသခံများအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။ လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းဖြစ်လာနိုင်ခြေ ရှိခြင်းကြောင့် အဆိုပါ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု လျော့နည်းသွားနိုင်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု ပိုမိုလာနိုင်ကြောင်း၊ အမေရိကန် အခြေစိုက် မိုးလေဝသဌာန၏ ခန့်မှန်းချက်များ အရ မြန်မာနိုင်ငံ အောက်ပိုင်းသည် မိုးပိုမိုရွာသွန်းနိုင်သည့်အတွက် အဆိုပါ တိုင်းဒေသကြီး အချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စပါးစိုက်ခင်း လယ်မြေဧက ခုနစ်သိန်းခန့် ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆက်လက် ပြောကြားသည်။ ဇွန်လ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအား နည်း ရပ်ဝန်းသည် အိန္ဒိယနိုင်ငံ သြရိသကမ်းခြေ မြောက်ပိုင်းဒေသသို့ ဝင်ရောက်သွားပြီဖြစ်ကာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် မုတ်သုံလေ အားကောင်းနေရာမှ အားအလွန်ကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မိုးများပြီး ရေလွှမ်မိုးနစ်မြုပ်မှု ၈၅ ရာခိုင်နှုန်းခန့်ရှိရာ စိုက်ပျိုးရေး လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ အခက်အခဲနှင့် တွေ့ကြုံခဲ့ရသည်။ “မနှစ်က ပျိုးနုတ်ချိန် မမီဘဲ ရေနစ်မြုပ်လို့ စပါးတွေ ပျက်စီးခဲ့ရတာတွေ အများကြီးပဲ” ဟု ဒေးဒရဲမြို့နယ် လေးအိမ်ကုန်း ကျေးရွာမှ ဦးတင်ဝင်းက ယမန်နှစ်က အတွေ့အကြုံကို ပြောဆိုခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်။ 

From...ခေတ်လူငယ်

No comments:

Post a Comment