Friday, June 21, 2013

ကျောက်ဖြူမြို့ အနီး ပင်လယ်ပြင်တွင် မီးလောင်နေသည့် စက်လှေ တစ်စီးအား တပ်မတော်(ရေ)မှ ကယ်ဆယ်

၂၀-၆-၂၀၁၃ ရက်နေ့တွင် ကျောက်ဖြူမြို့ ဇင်ချောင်း၏ အနောက်ဘက် ပင်လယ်ပြင် တစ်ဝိုက်၌် စက်လှေ
တစ်စီး မီးလောင်နေကြောင်း သတင်း ရရှိသည့် အတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ် (၅၆၈)သည် အမှတ်(၆) ရေတပ်ဆိပ်ခံ တံတားမှ နေ့လယ် ၁၁နာရီ၂၀မိနစ် အချိန်ခန့်တွင် ထွက်ခွာပြီး အဆိုပါ နေရာ သို့ နေ့လယ် ၂နာရီ၂၀မိနစ် အချိန်ခန့်တွင် ရောက်ရှိကာ ဒေသခံ ငါးဖမ်းစက်လှေ တို့ဖြင့် ပူးပေါင်း၍ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါစက်လှေသည် ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်မှ စက်လှေဖြစ်ပြီး ပဲ့နင်း ဦးသန်းထိုက် အပါအ၀င် ရေလုပ်သား ၁၉ဦး၊ ရေယာဉ်အကြုံ လိုက်ပါသူ ၆ဦး စုစုပေါင်း ၂၅ဦး တို့ကို ညနေ ၃နာရီ ၂၅မိနစ် အချိန့်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ကယ်တင်နိုင်ခဲ့သည်။
မီးလောင်နေသည့် စက်လှေကို ဒေသခံ ငါးဖမ်းစက်လှေများဖြင့် ပူးပေါင်းကာ မီးငြိမ်းသတ်သော်လည်း မီးလောင်သည့် နေရာကြီးမားခြင်း၊ စက်ခေါင်းအတွင်း ဒီဇယ်၊အင်ဂျင်ဝိုင်ကဲ့သို့ မီးလောင်လွယ်သော ပစ္စည်းများ ပါရှိခြင်း၊ ရာသီဥတု ဆိုးဝါးပြီး လှိုင်းလေ အခြေအနေကြောင့် ထိရောက်စွာ မီးငြိမ်းသတ်နိုင်ခြင်း မရှိဘဲ ညနေ ၄နာရီ ၁၀မိနစ် အချိန်ခန့်တွင် ၎င်းစက်လှေသည် နစ်မြုပ် သွားခဲ့သည်။
နစ်မြုပ်သွားသည့် စက်လှေသည် အလျား ၁၀၀ပေ၊ အနံ ၂၈ပေ၊ ရေစူး ၁၀ပေခန့်၊ စက်မကြီး Camming ၆လုံးထိုးဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ကြည်မြင်တိုင် မြို့နယ်နေ ဦးမင်းစိန်ပိုင် ရွှေဇင်ယော်ဟိန်း ကုမ္ပဏီမှ ဖြစ်ပြီး ဇွန် ၁၇ရက်တွင် လင်းလင်းနိုင် လှေအဖွဲ့အတွက် ဒီဇယ်ဆီ ပေပါ ၁၀၀လုံး၊ ရေယာဉ် အတွင်း အသုံးပြုရန်အတွက် ဒီဇယ်ဆီ ပေပါ ၂၀လုံး၊ အင်ဂျင်ဝိုင် ၅ဂါလန် ပုံး ၂၀လုံးနှင့် ရေလုပ်ငန်းသုံး ပိုက်ကြိုး စသည့် ပစ္စည်းများ တင်ဆောင်ကာ ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ် ဘူတာရုံလမ်း အနီး ရွှေဇင်ယော်ဟိန်း ကုမ္ပဏီတံတားမှ ဇွန် ၁၇ ရက်တွင် ကျောက်ဖြူမြို့သို့ ထွက်ခွာလာခဲ့ရာ ဇွန် ၂၀ရက် နံနက်၁၀နာရီ အချိန်ခန့် ဖြစ်စဉ်နေရာ တစ်ဝိုက်အရောက်တွင် Exhaust Turbo အပူချိန် မြင့်တက်လာပြီး မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
 

 





No comments:

Post a Comment