Thursday, June 13, 2013

အရည်အသွေးမြင့် ကျောက်စိမ်းများ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းမှု များပြားလာ

emerald-june13
မြန်မာနိုင်ငံမှထွက်ရှိသော အရည်အသွေးမြင့်ကျောက်စိမ်းများ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့်တရုတ်နိုင်ငံ သို့ တင်သွင်းမှု များပြားလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"တရုတ်ပြည်ဘက်မှာ ကျောက်စိမ်းမြို့တော် ဆိုတာရှိတယ်။ အမှန်က သူတို့က အမွှမ်းတင်ထားတာ။ သူတို့ဆီမှာ ကျောက်စိမ်း တကယ်မထွက်ပါဘူး။ မြန်မာပြည်က ကျောက်စိမ်းတွေပဲ အကြီးအကျယ် တင်သွင်းတာပါ။ တစ်ရာမှာ ရာခိုင်နှုန်း ၈၀ က မှောင်ခိုလမ်းကြောင်း ကနေပြီး တရုတ်ပြည်ဘက်ကို သွားနေတယ်။ ပြပွဲမှာ ပြတယ်ဆိုတာတွေက အမှန်အတိုင်းပြောရင် မှောင်ခိုကသွားတဲ့ ကျောက် စိမ်းတွေလောက် အရည်အသွေး မကောင်းဘူး။ အခုဆိုရင် တရုတ်ပြည်ရဲ့ မှောင်ခိုကျောက်စိမ်း ဈေး ကွက်ကြောင့် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ကျောက်စိမ်းဆိုတာ မြေလှန် သလောက် ဖြစ် သွား ပါပြီ" ဟု တရုတ်-မြန်မာ နယ်စပ်ဒေသမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့်မူ မြန်မာနိုင်ငံမှ ကျောက်စိမ်းကို အဓိကထား တင်သွင်းနေပြီး အခြားပတ္တမြားနှင့် နီလာကဲ့သို့ အဖိုးတန်ကျောက်များမှာမူ ယိုးဒယားဘက်သို့မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် သွားနေကြောင်း သိရသည်။

"အခု နှစ်ပိုင်းတွေမှာ ကျောက်စိမ်းတရားဝင် တင်သွင်းမှုသည် လျော့ကျလာတယ်။ အဓိကကတော့ တရုတ်ဘက်က အခွန်တိုးကောက် လိုက်တာလည်း ပါတယ်။ ဒီတော့ မှောင်ခိုကို အားပေး သလို ဖြစ်သွားပါ တယ်" ဟု လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်းကို ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်၊ မိုးညင်း ဒေသများတွင် လည်းကောင်း၊ အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခန္တီးမြို့နယ်တို့တွင် လည်းကောင်း ထုတ်ယူနိုင်ကြောင်း၊ အခြားကျောက်မျက် ရတနာများကိုမူ ကချင်ပြည်နယ် နန့်ယားဆိတ်၊ မန္တလေးတိုင်း ဒေသကြီးတွင် မိုးကုတ်နှင့် ရှမ်းပြည်နယ် မိုင်းရှူးမြို့များတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

အမျိုးသားစီမံကိန်း ဥပဒေ မူကြမ်းအရမူ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ယခင်ထုတ်လုပ်မှု ပမာဏထက် သဘာဝဓာတ်ငွေ့ကို ရာခိုင်နှုန်း ၂၅၊ ကျောက်စိမ်းကို ခုနစ်ရာခိုင်နှုန်း၊ ကျောက်မျက်ရတနာ ရာခိုင်နှုန်း ၁၀ ပိုမိုထုတ်လုပ် နိုင်မည်ဟု ရည်မှန်းထားကြောင်း၊ ထို့အတွက် သတ္တုတွင်းထွက် ပစ္စည်းကဏ္ဍတွင် အသားတင် ထုတ်လုပ်မှု တန်ဖိုးကို ကျပ် ၃၉၈၁၉၆ ဒသမ ၇ သန်း ရရှိအောင် ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း အဓိက သတ္တုနှင့် ကျောက်စိမ်းကို ၇ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကျောက်မျက်ရတနာကို ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးထုတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တိုးမြှင့်ထုတ်ယူရန် ရည်မှန်းထားသော်လည်း မှောင်ခိုလမ်းကြောင်းမှ ထွက်နေသော ကျောက် စိမ်းနှင့် ကျောက်မျက်ရတနာများအား မတားဆီးနိုင်ပါက နိုင်ငံတော်မှ ရသင့်ရထိုက်သင့်သည့် ပြည်သူ့ ဘဏ္ဍာငွေများ ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
EMG

No comments:

Post a Comment