Tuesday, June 11, 2013

ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စု တစ်ခုဖြစ်သည့် အမေရိကန် အခြေစိုက် Marriott International Inc. မှ မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ

marriott-june10
အမေရိကန် ပြည်ထောင်စု မေရီလန်း အခြေစိုက် Marriott ကုမ္ပဏီ ရုံးချုပ်ကို တွေ့ရစဉ် (Photo - Marriott.com)
ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စုများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် အမေရိကန် အခြေစိုက် Marriott International Inc. မှ မြန်မာနိုင်ငံတွင် ဟိုတယ် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း Bloomberg သတင်း တွင် ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ဟိုတယ်လာရောက် ဖွင့်လှစ်ရန်အတွက် လာမည့်ခြောက်လ အတွင်း သဘောတူညီမှုများ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ ဟိုတယ် ဖွင့်လှစ် နိုင်ရန်အတွက် ရန်ကုန်နှင့် ပုဂံအပါ အ၀င် နေရာဒေသများအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

"အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ Marriott ရဲ့ ပထမဆုံး ဟိုတယ် ဖြစ်လာမှာပါ။ ဟိုတယ် အမည်ကတော့ Marriott ဒါမှမဟုတ် Courtyard ဆိုပြီး ဖြစ်နိုင်ပါတယ်" ဟု Marriott ၏ အာရှ-ပစိဖိတ်ဒေသ ဥက္ကဋ္ဌနှင့် မန်နေဂျင်းဒါရိုက်တာ Simon Cooper က ပြောကြားခဲ့သည်။

Marriott သည် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ရင်းနှီး မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို မြန်မာနိုင်ငံ ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးအတွက် ဖြေလျော့ပေးမှုများ လုပ်ဆောင်ပြီး ကတည်းက ရှာဖွေနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Marriott International Inc. ကို ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ရုံးချုပ်ကို အမေရိကန် ပြည်ထောင်စု မေရီလန်းတွင် အခြေစိုက်ထားကြောင်း သိရသည်။ Marriott International Inc. သည် နယူးယောက် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်တွင် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။               

ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စု တစ်ခုဖြစ်သည့် Best Western International Inc ဟိုတယ်အုပ်စုသည်လည်း မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရှိ Green Hill ဟိုတယ်နှင့် သဘောတူညီပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ဟိုတယ် ၈၀၈ လုံး အခန်းပေါင်း ၂၉၄၁၉ ရှိပြီး ရန်ကုန်နှင့် မန္တလေးတွင် ဟိုတယ်အများစု တည်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ် ၃၀ ကျော်ရှိကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ရှိပြီး စင်ကာပူနိုင်ငံမှ အများဆုံး မြှုပ်နှံထားကြောင်း သတင်းရရှိသည်။

ဟိုတယ်များနှင့် ဟိုတယ်စီမံကိန်းများကို လက်ရှိအချိန်အထိ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်နှင့် ဗီယက်နမ် နိုင်ငံတို့က ရင်းနှီးမြှုပ်နှံ ခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား နိုင်ငံတို့မှဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။
Eleven Media Group

No comments:

Post a Comment