Thursday, June 6, 2013

ရန်ကုန်ရှေးဟောင်း အဆောက်အအုံများအတွက် Philips ဒေါ်လာ ၇၅,၀၀၀ လှူမည်

နယ်သာလန်အခြေစိုက် အီလက်ထရွန်နစ်ကုမ္ပဏီ Philips က ရန်ကုန် မြို့တော်ရှိ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ကမ္ဗည်းပြား တပ်ဆင်ရန်နှင့် မီးအလှဆင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ လှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) အဖွဲ့မှ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။
အဆိုပါ ကမ္ဗည်းပြားများတွင် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် အဆောက်အအုံ၏ သမိုင်းကြောင်း အကျဉ်း ဖော်ပြထားမည် ဖြစ်ပြီး ကမ္ဗည်းပြားများ တပ်ဆင်ခြင်းကို ယခုလအတွင်း စတင်သွားမည် ဖြစ်ကာ အဆောက်အအုံ ၂၀၀ ခန့်တွင် တပ်ဆင်မည်ဖြစ်ကြောင်း Philips ထံမှ သိရသည်။

"ကမ္ဗည်းပြားတွေကို မြင်တာနဲ့ လူတိုင်းက ဒီနေရာဟာ သမိုင်းဝင် အဆောက်အအုံပါလားလို့ သိလာမယ်" ဟု ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

အဆိုပါအစီအစဉ် စတင်ရန် လွန်ခဲ့သောလ အနည်းငယ်က Philips နှင့် ရန်ကုန် မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့တို့ သဘောတူညီ ခဲ့ကြခြင်း ဖြစ်ကြောင်း Philips မှအရာရှိ Mrs. Gill က ပြောဆိုသည်။

"Philips က နေပျော်တဲ့ မြို့လူနေမှုစနစ်တွေ ဖန်တီးပေးချင်ပါတယ်။ ဒါကြောင့် ရန်ကုန်က ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံတွေ ထိန်းသိမ်း တဲ့နေရာမှာ ပါဝင်ကူညီတာပါ" ဟု ၎င်းက ဆိုသည်။

Philips က လှူဒါန်းမည့် မီးအလှဆင်ပစ္စည်းများမှာ လက်ရှိ အသုံးပြုနေသော မီးအလှဆင် ပစ္စည်းများထက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်း သက်သာမည်ဟု Philips ၏ အဆိုအရ သိရသည်။

လက်ရှိ ရန်ကုန်မြို့တော်အတွက် ဖြန့်ဖြူးနေသော လျှပ်စစ်ဓာတ်အား ပမာဏ ၏ ၂၀ ရာခိုင်နှုန်းမှာ မြို့တော်ကို မီးအလှဆင်သည့် နေရာတွင် အသုံးချနေကြောင်း Philips က ဆိုသည်။

ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ပမာဏ အများအပြားရရှိနိုင်ရန် ဖြစ်နိုင်ခြေ နည်းသောကြောင့် အဆောက်အအုံများကို လျှပ်စစ်မီးပမာဏ အမြောက်အမြား မသုံးစွဲဘဲ အလှဆင်ရန် စီစဉ်ထားကြောင်း Mrs. Gill က ပြောကြားသည်။

No comments:

Post a Comment