Sunday, June 23, 2013

ကေအိုင်အိုအဖွဲ့မှ သဘောတူညီချက် (၇) ချက်တွင် ပါဝင်သော အလုပ်အဖွဲ့ (Technical Team) ကို လိုင်ဇာမြို့တွင် ဖွဲ့စည်း

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ PCG နှင့် ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့ စုပေါင်းပြီး ဇွန် ၁၉ ရက်က အစိုးရနှင့် မေလဆွေးနွေးပွဲတွင် သဘောတူလက်မှတ် ရေးထိုးခဲ့သော အချက် (၇) ချက်တွင် ပါဝင်သည့် အလုပ်အဖွဲ့ (Technical Team) ကို ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။
၎င်းအဖွဲ့ ပေါ်ပေါက်နိုင်ရန်အတွက် မြစ်ကြီးနားအခြေစိုက် PCG အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့မှ ရပ်မိရပ်ဖ ၂၈ ဦးနှင့် ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့ သုံးရက်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလုပ်အဖွဲ့တွင် အဖွဲ့ဝင် ၁၀ ဦး ပါဝင်မည်ဖြစ်ပြီး ကေအိုင်အို၊ ကေအိုင်အေဘက်မှ ခြောက်ဦး၊ မြစ်ကြီးနားမြို့ ရပ်မိရပ်ဖဘက်မှ လေးဦးပါဝင်ရန် ဆုံးဖြတ်ထားကြောင်း PCG အဖွဲ့ဝင် ဦးဆန်းအောင်က ဆိုသည်။
"အဖွဲ့ထဲမှာတော့ ကေအိုင်အိုဘက်က လက်နက်ကိုင်နှင့် အရပ်ဘက်ခြောက်ဦးပါမယ်။ မြစ်ကြီးနားမြို့ ရပ်မိရပ်ဖ ဘက်ကတော့ ၁၆ ဦး နာမည်ပေးထားပြီး လေးဦးရွေးမယ်။ PCG အဖွဲ့ဝင်တွေကတော့ အကျိုးဆောင်အဖွဲ့ဖြစ်လို့ ဒီအဖွဲ့ထဲမှာတော့ မပါဘူး။ အဖွဲ့အစည်းမှာပါတဲ့ နာမည်စာရင်းကိုတော့ ဒီလ ၂၆ ရက် နောက်ပိုင်းမှာ ထုတ်ပြန်နိုင်မှာပါ" ဟု ၎င်းကဆိုသည်။
၎င်းအဖွဲ့သည် ကေအိုင်အို ဆက်ဆံရေးရုံးတွင် ထားရှိမည်ဖြစ်ပြီး ကေအိုင်အိုနှင့် အစိုးရတို့၏ ဆက်ဆံရေးကိစ္စများ၊ အစိုးရ၏ (Technical Team) ဖြစ်သော မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) အဖွဲ့နှင့် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာပါက . . . . .
Technical Team ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဂွမ်မော်က ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် လိုင်ဇာ FM အသံဌာနတွင် ပြောကြားခဲ့ပြီး လွန်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့သည် ဟု ကချင်ဘာသာဖြင့် ပြောကြားချက်ကို မြစ်ကြီးနားမြို့မှ နားဆင်သိရှိရသည်။
၎င်းအလုပ်အဖွဲ့ကို အစိုးရနှင့် ကေအိုင်အိုတို့ သဘောတူညီချက်အရ မြစ်ကြီးနားမြို့တွင် ထားရှိရန် သဘောတူခဲ့ပါသည်။ ၎င်းအဖွဲ့သည် ကေအိုင်အို ဆက်ဆံရေးရုံးတွင် ထားရှိမည်ဖြစ်ပြီး ကေအိုင်အိုနှင့် အစိုးရတို့၏ ဆက်ဆံရေးကိစ္စများ၊ အစိုးရ၏ (Technical Team) ဖြစ်သော မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) အဖွဲ့နှင့် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းများ ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာပါက ဆွေးနွေးပွဲများတွင် အငြင်းအခုံများ မဖြစ်ပေါ်အောင် ကြိုတင် ညှိနှိုင်းဆွေးနွေးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းအဖွဲ့အစည်းသည် ကေအိုင်အို၏ မူဝါဒနှင့် အစိုးရ မူဝါဒများကို ညှိနှိုင်းသွားမည်ဖြစ်ပြီး ဤအဖွဲ့ စနစ်တကျ ပေါ်ပေါက်ပြီးပါက ငြိမ်းချမ်းရေး လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ (Joint Monitoring Committee) ဖွဲ့စည်းရန် မူအားဖြင့် သဘောတူထား ခဲ့သော်လည်း အစိုးရနှင့် ကေအိုင်အိုတို့ နောက် တစ်ကြိမ် တွေ့ ဆုံပြီး မှသာ ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကြောင်း၊ ၎င်းအဖွဲ့ ပေါ်ပေါက်ပြီး လုပ်ငန်းဆောင်ရွက်နိုင်မှသာ ဒုက္ခ သည်များ အနေဖြင့် ယုံကြည်စိတ်ချစွာ မိမိဒေသရပ်ရွာသို့ ပြန်နိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

From..EMG

No comments:

Post a Comment