Sunday, June 23, 2013

အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူ ခံရသော နိုင်ငံအချို့ ပါဝင်သော Asian Clearing Union အစည်းအဝေး ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်

centralbank-june23
မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်) ကို တွေ့ရစဉ်
အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူ ခံထားရသော နိုင်ငံအချို့ ပါဝင်သော Asian Clearing Union (ACU) အမှုဆောင် ဒါရိုက်တာ အစည်းအဝေးကို ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ACU အစည်းအဝေးကို ပါကစ္စတန်နိုင်ငံတွင် ဇွန် ၁၇ ရက်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ အမှုဆောင် ဒါရိုက်တာများ တက်ရောက်ခဲ့သည်။
ACU ကို ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ အကြား ငွေပေးချေမှု လုပ်ငန်းများအဆင်ပြေစေရန် အဓိကဦးတည် ဆောင်ရွက်ခြင်းဖြစ်သည်။ ACU ရုံးချုပ်ကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် ထားရှိသည်။
အဖွဲ့ဝင် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အီရန်၊ အိန္ဒိယ၊ မော်လဒိုက်၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။ မြန်မာနိုင်ငံသည် ACU အဖွဲ့သို့ ၁၉၇၇ ခုနှစ်တွင် စတင် ၀င်ရောက်ခဲ့ပြီး အဖွဲ့ဝင် ကိုးနိုင်ငံအနက် ခုနစ်နိုင်ငံမြောက်နိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူ ခံရမှုမှ လွတ်ကင်းလာပြီ ဖြစ်သော်လည်း ACU အဖွဲ့ဝင် အီရန်နိုင်ငံမှာ ယခုအချိန်အထိ ပိတ်ဆို့အရေးယူ ခံရဆဲ ဖြစ်သည်။
ထိုသို့ မြန်မာနိုင်ငံအား အမေရိကန်မှ ဘဏ္ဍာရေး ပိတ်ဆို့ထားစဉ် မြန်မာနိုင်ငံ၏ ငွေကြေးလွှဲပြောင်း မှုများနှင့် ACU အဖွဲ့ဝင် တစ်ဦးဖြစ်သော အီရန်နှင့် ဆူဒန်နိုင်ငံတို့အား အမေရိကန်ဒေါ်လာ ဘီလျံရာ ဂဏန်း ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်ပေးခဲ့သည့် နယူးယောက်အခြေစိုက် ဂျပန်ဘဏ်တစ်ခုဖြစ်သော Tokyo Mitsubishi-UFJ ဘဏ်ကို နယူးယောက်ပြည်နယ်က ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း နိုင်ငံခြား သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

From..EMG

No comments:

Post a Comment