Thursday, June 6, 2013

စစ်မှုထမ်းဟောင်းတစ်ဦးမှ UNITY သို့ပေးစာ (အပိုင်း-၁)

   ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် UNITY ဂျာနယ် အတွဲ(၂)၊ အမှတ်(၂၀)၊ အယ်ဒီတာထံပေးစာတွင်  ပါရှိသည့်ဧရာဝတီတပ်သားများဟုပါရှိလာတဲ့အတွက်ကျွန်တော့်အနေနဲ့စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ် သည့် အားလျော်စွာ ဒီစာကို ဖတ်လိုက်မိပါတယ်။
   ကျွန်တော်ဟာ သထုံမြို့၊ သုဓမ္မ၀တီမြို့သစ်၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင်နေထိုင်သည့် တပ်မတော် သားအငြိမ်းစားတစ်ဦးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ တပ်က အငြိမ်းစားယူခဲ့တာပါ။ အယ်ဒီတာထံပေးစာကို ဖတ်ရှုပြီး စိတ်ထဲမှာမထားနိုင်လို့ အခုလိုရင်ဖွင့်ပြီးအကြောင်း ပြန်လိုက်ရခြင်းဖြစ်ပါတယ်။ ပေးစာတွင်ပါဝင် သည့်အကြောင်းအရာမှာ  တပ်မတော်သားတွေမှာသတင်းပို့စနစ်  ပျက်ပြားပြီး မိသားစုစနစ်မရှိတဲ့ တပ်မတော်လိုဖြစ်နေပါတယ်။ ကျွန်တော်ဟာ ၁၉၇၁ ခုနှစ်မှာ တပ်မတော်ထဲကို ၀င်ရောက်လာသူ တစ်ဦးဖြစ်ပါတယ်။

 ကျွန်တော်တို့ စစ်သားဘ၀မှာ တပ်ရင်းတစ်ရင်းကို ကြည့်မယ်ဆိုရင် အိမ်တစ်အိမ်မှာ ရှိတဲ့ မိသားစုတစ်ခုလိုပါပဲ၊ တပ်ရင်းမှူးက ဖခင်သဖွယ် ဆောင်ရွက်လုပ်ကိုင်ပြီး ကျွန်တော်တို့လို တပ်ရင်း အရာခံဗိုလ်က မိခင်တစ်ယောက်သဖွယ်လုပ်ကိုင်ရပါတယ်။ ကျွန်တော့်တပ်ရင်းမှာရှိတဲ့ စစ်သည်တွေဟာ အခုစာထဲမှာပါသလို လုံးဝမဟုတ်တာသေချာပါတယ်။ ကျွန်တော်တို့ တပ်ထဲမှာရှိစဉ်အခါက တပ်ရင်း တစ်ရင်းလုံးဖြစ်စေ၊ တပ်ရင်းတစ်ရင်းလုံးမရှိလျှင် နောက်တန်းမှ ကျန်ခဲ့တဲ့သူ ဖြစ်စေ၊ နေ့တိုင်းတန်းစီ ပြီးတော့ နိုင်ငံတော်အလံကိုအလေးပြု၊ သစ္စာဆိုရပါတယ်၊  နောက်ပြီးတော့ လိုအပ်တဲ့အမိန့်နဲ့ ညွှန်ကြား ချက်တွေကို ညွှန်ကြားပါတယ်။ ပြီးတာနဲ့ “ဘာသတင်းပို့စရာရှိသလဲ” လို့ အမြဲတမ်းမေးရပါတယ်။ အနည်း ဆုံးစားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးမှအစ သတင်းပို့တင်ပြချက်တွေ၊ မိမိတို့ရဲ့ အခက်အခဲတွေကို တာဝန်ရှိသူအဆင့်ဆင့်ကို တင်ပြရပါတယ်။ တင်ပြချက်တွေကို တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေး ကြ ရပါတယ်။

   ဒါ့အပြင် ကျွန်တော်တို့ရဲ့ တပ်ရင်းမိသားစုများအတွက် အပတ်စဉ်အလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတဆွေးနွေးပွဲများ ပြုလုပ်ပေးပြီး ဗဟုသုတကြွယ်ဝအောင် ဆောင် ရွက် ပေးပါတယ်။ ယုတ်စွအဆုံး သားဆက်ခြားရေးလည်း ပါတာပေါ့။ လရဲ့နောက်ဆုံးပတ်ဆွေးနွေးပွဲအပြီး မှာ “ဒါဘာ” ဆိုတဲ့ ဆန္ဒဖော်ထုတ်ပွဲကို ဆောင်ရွက်ပြီး မိမိတို့ရဲ့ဆန္ဒကို မိသားစုအတွင်းလွတ်လပ်စွာ တင်ပြဆွေးနွေးနိုင်ခဲ့ကြ ပါတယ်။ ဒါကလည်း ကျွန်တော်တို့ တပ်ရင်းအပါအ၀င် တပ်မတော်တစ်ရပ်လုံးရဲ့ ပုံမှန်လုပ်ဆောင်နေကျ အလုပ် တွေပဲ ဖြစ်ပါတယ်။ 

   ရိက္ခာနဲ့ပတ်သက်လို့ရှိရင်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒဖြစ်သည့် “အရည်အသွေးနဲ့ အမျိုးအစားကောင်းမွန်ရမည်၊ အချိန်အတွယ်ပြည့်ဝရမည်၊ အချိန်မီရ ရမည်” ဆိုတဲ့အတိုင်း လုပ်ဆောင်ပေး လျက်ရှိပါတယ်။ စားသောက်ရေးဟာ မချမ်းသာတဲ့ ကျွန်တော်တို့ တပ်မတော်သားများနဲ့ မိသားစုတွေ အတွက် အရေးကြီးတဲ့ ကဏ္ဍပဲဖြစ်ပြီး အထက်အကြီးအကဲတွေ လာလျှင်လည်း ဆန်ကအစ ငါးပိ၊ ဆား အဆုံး ကောင်း/မကောင်းကို လူကြီးများက အခြေခံကျကျ စစ်ဆေးမြဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ရင်းတွေရဲ့ စစ်ဆင်ရေး ကာလတွေမှာ ပင်ပန်းဆင်းရဲမှုတွေ၊ ရည်မှန်းချက်အောင်မြင်အောင် တိုက်ခိုက် ခဲ့ရမှုကြောင့် ပင်ပန်းမှုတွေအတွက် နောက်တန်းကို ပြန်လည်ရောက်ရှိချိန်မှာ အင်အားဖြစ်စေတဲ့ အသား ငါးတွေကို ပြည့်မီအောင်စားသုံးနိုင်ရေး အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေးခဲ့တယ်ဆိုတာ ကျွန်တော်တင်မ ကပါဘူး။ ကျွန်တော်တို့ ရဲဘော်တွေပါ အသိပဲဖြစ် ပါတယ်။ ရှေ့တန်းပြန်ရောက်လျှင် ကျွန်တော်တို့ မိသား စုတွေနဲ့အတူ စုပေါင်းညစာ စားပွဲတွေရယ်၊ ကာရာအိုကေ ဆိုကြကကြခုန်ကြတာရယ် တပ်ရင်းမှ အင်အားဖြည့်ရိက္ခာအဖြစ်ကျွေးမွေးခဲ့တဲ့နေ့လည်စာစားပွဲတွေရယ်ကိုပြန်လွမ်းမိတာ အကြိမ်ကြိမ်အခါခါပါပဲ။

   
   လစာနဲ့ပတ်သက်လို့ ပြောရရင်လည်း ကျွန်တော်တို့ တပ်မတော်သားတွေဟာ တပ်သားကအစ အထက် ဗိုလ်ချုပ်ကြီးများအထိ အဆင့်လိုက် လစာ ရရှိတာကို ကျွန်တော်သိပါတယ်။ သို့သော်လည်းပဲ တစ်ဆင့်ပြီး တစ်ဆင့်ရရှိနေတဲ့ လုပ်သက်အနုအရင့်အလိုက် နှစ်တိုးလစာတွေကိုလည်း ကျွန်တော်တို့အနေနဲ့ ညီတူ ညီမျှခံစားကြရ ပါတယ်။ နှစ်တိုးလစာနဲ့ပတ်သက်လို့ ကျွန်တော်တို့နဲ့ တစ်ရက်တည်းမှာ ၀င်တာမဟုတ်တဲ့ အတွက် တစ်ယောက်နဲ့တစ်ယောက် တူညီမှုတော့မရှိကြပါဘူး။ လစာထုတ်ပေးရာမှာလည်း တပ်ရင်း တစ်ရင်းလုံးတပ်ပြန် ရောက်တဲ့အခါ မှာ Pay Parade ပြုလုပ်ရပြီး ရှေ့တန်းတက်နေချိန်မှာတော့ Pay Party မှတစ်ဆင့် စစ်သည် တစ်ယောက်ချင်းရဲ့ လစာကို ပို့ပေးရပါတယ်။ လစာရှင်းတမ်းနဲ့အတူပေးရပြီး စစ်သည် တစ်ယောက်ရဲ့လစာကို မည်သည့်ခေါင်းစဉ်၊ မည်သည့်အကြောင်းကြောင်းနှင့်မျှ ဖြတ်တောက်၍ မရပါ။ ကျွန်တော်တို့ တပ်မတော်မှာ လိမ်လည်လှည့်ဖြားခြင်းပင် မရှိအောင် တပ်စာရင်းစစ်အဖွဲ့တွေလည်း ရှိပါသေးတယ်။ လူအများစုနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ်တဲ့အတွက် ရာခိုင်နှုန်းပြည့် မှန်ကန်အောင် မဆောင်ရွက်နိုင်သော်လည်းပဲ အကောင်းဆုံးနည်းလမ်းနဲ့ ဆောင်ရွက်ကြတယ် ဆိုတာကတော့ ကျွန်တော် ယုံကြည်ပါတယ်။  လစာကို လကုန်ရက်မှာ တပ်ခွဲရုံးမှ စနစ်တကျ ထုတ်ပေးပြီး မူရင်းလစာ၊ အသက် အာမခံ၊ နှစ်တိုး၊ အရည်အချင်းလစာကအစ အသေးစိတ်ရှင်းပြပြီးမှ လစာရှင်းတမ်း စာရွက်နဲ့ အတူ ထုတ်ပေးပါတယ်။ စစ်သားတစ်ယောက်အနေနဲ့ မိမိကိုယ်တိုင် လစာဘယ်လောက်ရတယ်ဆိုတာ စစ်သား တိုင်း သိကြပါတယ်။

    ဒါ့အပြင် စစ်သည်တစ်ဦးချင်းအတွက် ဘဏ်စုငွေစာအုပ် ဖွင့်လှစ်ပြီးတော့ လစဉ်စုဆောင်း ကြရပါတယ်။ ဘဏ်စုငွေနဲ့ပတ်သက်ပြီး လစဉ်စုဆောင်းမှု၊ ဘဏ်စာအုပ်မှာရှိတဲ့ ငွေစာရင်းတို့ကို လူပျိုစစ်သည် အိပ်ဆောင် ကြော်ငြာသင်ပုန်းမှာ လစဉ်ကပ်ထားရပါတယ်။ မိမိလစာငွေစာရင်းနဲ့ ပတ်သက်ပြီး မသိတာ၊ မရှင်းတာရှိလျှင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို မေးမြန်းတင်ပြလို့ရပါတယ်။ ကျွန်တော်တို့ စစ်သားတွေရဲ့ အခြေခံလစာ အနေနဲ့ တပ်သားတစ်ဦးဟာ မူရင်းလစာ ၃၆၀၀၀ိ/ကျပ်၊ ပင်ပန်းကြမ်းတမ်း မှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A) အဖြစ် တစ်လလျှင် ၅၀၀၀ိ/ကျပ်၊ အပိုထောက်ပံ့ကြေး ၂၀၀၀၀ိ/ကျပ် ရရှိပြီးတော့ စုစုပေါင်း ၆၁၀၀၀ိ/ကျပ် ရရှိခဲ့ ပါတယ်။ ယခုဆိုလျှင် အပိုထောက်ပံ့ကြေး ၂၀၀၀၀ိ/ကျပ်ဟာ မူရင်းလစာအတွင်း ထည့်သွင်း တွက်ချက်ထားပြီး အပိုထောက်ပံ့ကြေး ၃၀၀၀၀ိ/ကျပ် ထပ်မံရရှိတဲ့အတွက် စစ်သည်တစ်ယောက်ရဲ့ လစာဟာ ၉၁၀၀၀ိ/ကျပ် တင်းပြည့်ကျပ်ပြည့် ရရှိခဲ့တာဖြစ် ပါတယ်။

    ရှေ့တန်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ နောက်တန်းတွင် နေရသည်ဖြစ်စေ ရိက္ခာစိုငွေ တစ်နေ့တာအတွက် ၃ ကျပ်၊ ၅ ကျပ် စသည်မှ ယခု ၅၅၈ိ/ကျပ် တိုင်အောင် ပြည့်ပြည့်၀၀ စစ်သည် လက်ထဲသို့ ထုတ်ပေးလျက်ရှိပါတယ်။ ရှေ့တန်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာမှာလည်း တပ်ခွဲအလိုက် ကြိုတင်ထုတ်ပေး ထားပြီး တပ်စု/တပ်စိတ်အလိုက် ထပ်မံဖြန့်ခွဲ ထုတ်ပေးပါတယ်။ ဒါကလည်း ဒီလိုတပ်စု/ တပ်စိတ်တွေမှာ သုံးစွဲစရာ ငွေကြေးရှိမှ လိုအပ်တဲ့ ရိက္ခာစိုအသားငါးတွေကို ရောက်ရှိတဲ့နေရာတိုင်းမှာ ၀ယ်ယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။ တပ်ရင်းအလိုက် တိုက်ပွဲဝင်မွမ်းမံ သင်တန်းတွေ တက်ရလျှင်လည်း တပ်ရင်းတစ်ရင်းလုံး စုစည်းပြီး ချက်ပြုတ်ရတဲ့ အတွက် ဈေးဝယ်ရေး၊ ချက်ပြုတ်ကျွေးမွေးရေးကော်မတီမှ ရိက္ခာစိုငွေကိုပြည့်ပြည့်၀၀သုံးစွဲရသည့်အပြင်ကျွေးမွေးမှုမှာလည်းတပ်ရင်းများအလိုက်အပြိုင်အဆိုင် ဆောင် ရွက်ရပြီးသင်တန်းတက်ကာလရဲ့စားသောက်ရမှုမှာကျွန်တော့်အိမ်မှာထက်ပင် ပို၍ကောင်းနေပါသေးတယ်။

 စစ်ဝတ်နှင့်ပတ်သက်၍ပြောရမယ်ဆိုလျှင် စစ်သည်များသက်တမ်းစေ့စစ်ဝတ်တွေကို အချိန်မီပြည့်ပြည့်၀၀ ရရှိစေရန်အတွက် စာရင်းတိုက်ဆိုင်စစ်ဆေးမှုအား လေးလလျှင် တစ်ကြိမ်ပြုလုပ်ရပြီး အချိန်မီ စစ်သည် လက်ဝယ်အရောက် ထုတ်ပေးရပါတယ်။ တပ်အင်အားနှင့်တိုက်ဆိုင်၍ လိုအပ်သလို တင်ပြတောင်းခံ ရတဲ့ အတွက် ပိုနေ၍လည်းမရပါ။ လိုနေ၍လည်းမရပါ။ အချိန်မှန်တင်ပြတောင်းခံခြင်းရှိ/မရှိ၊ အမှန် တကယ် ထုတ်ပေးထားခြင်း ရှိ/မရှိကိုတော့ စာရွက်စာတမ်းပြည့်စုံစွာနဲ့ လုပ်ရပြီး အထက်အရာရှိကြီးများ လာရောက် စစ်ဆေးရာမှာ အဓိကထား စစ်ဆေးတဲ့ အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။

(အပိုင်း(၂)ကိုဆက်လက်ရေးသားတင်ပြပေးသွားပါမည်။)
 တပ်မတော်သားစစ်သည်တော်ဟောင်းတစ်ဦး

No comments:

Post a Comment