Monday, July 1, 2013

၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော် ပြင်ပညီလာခံ ခေါ်ယူကာ ပြင်ဆင်သင့်ဟုဆို

လာမည့် ရွေးကောက်ပွဲများ မတိုင်မီ ပြင်ဆင်သင့်သည်ဟု နိုင်ငံရေးပါတီ အားလုံးက လက်ခံထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားအားလုံး ပါဝင်သော လွှတ်တော်ပြင်ပ ညီလာခံတစ်ခု ခေါ် ယူ ပြင်ဆင်သင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြော ကြားသည်။
ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးဆောင် ပြုလုပ်သည့် ဖက်ဒရယ်မူ ဆွေးနွေးပွဲ၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်တွင်း ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုတစ်ရပ်တင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ် အားလုံးအနက် ၇၅ ရာခိုင်နှုန်း ၏ ထောက်ခံချက်ရယူကာ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရမည် ဖြစ်၍ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ခက်ခဲ သဖြင့် လွှတ်တော် ပြင်ပ၌ ပြင်ဆင်သင့်ခြင်း ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“လွှတ်တော်ထဲက ကော်မတီတွေနဲ့ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံး ညှိနှိုင်းလုပ်ရင် ပဋိပက္ခ ဖြစ် စရာမရှိပါဘူး” ဟု ဦးအေးသာအောင်က ဆိုသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဆလိုင်းမာန်ကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထက် အခြေခံဥပဒေသစ် ရေးဆွဲရေးကို ဦးစားပေး လုပ်ဆောင်ပါက နိုင်ငံရေး ပြဿနာများ ဖြစ်ပေါ်လာနိုင် သည်ဟု ထောက်ပြထားသည်။

၂၀၁၄ခုနှစ် ဒီဇင်ဘာလ မတိုင်မီ နိုင်ငံရေး အင်အားစု အားလုံးပါဝင်သည့် ညီလာခံတစ်ရပ် ခေါ်ယူပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ် ရေးဆွဲရေးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းဆွေးနွေး ပွဲသို့ တက်ရောက်လာသည့် ရှမ်း-ကယား တပ်ပေါင်းစုဌာန ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ထုတ်ဖော် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲနိုင်ရေး အတွက် အမျိုးသားညီလာခံ ခေါ်ယူမည် ဆိုသော အချက်ကို ကရင်ပြည်နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြု လုပ်သော ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လာသည့် အဖွဲ့အစည်း၃၈ ဖွဲ့မှ ကိုယ်စားလှယ် ၈၄ ဦးကသဘောတူထားသည်။

The Voice Weekly

No comments:

Post a Comment