Tuesday, July 2, 2013

ဗဟိုချုပ်ကိုင်မှုကို လျော့ချနိုင်မှု မရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုအား တိုက်ဖျက်နိုင်မှု မရှိခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုများ ခရီးမရောက် ဖြစ်နေကြောင်း သုံးသပ်မှုများရှိနေ

အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ကိုင်နေသော်လည်း ဗဟို ချုပ်ကိုင်မှုကို လျော့ချနိုင်မှုမရှိခြင်းနှင့် အကျင့်ပျက် ခြစားမှုများအား တိုက်ဖျက်နိုင်မှု မရှိခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုများ ခရီးမရောက် ဖြစ်နေကြောင်း သမ္မတ၏ အကြံပေးအဖွဲ့မှ သတင်း ရရှိသည်။
လက်ရှိကာလတွင် အစိုးရအဖွဲ့အနေဖြင့် ဗဟိုချုပ်ကိုင်မှုကို လျော့ချနိုင်ရန်နှင့် အကျင့်ပျက် ခြစားမှု များအား တိုက်ဖျက်ရန် စီစဉ်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
''ပြုပြင်ပြောင်းလဲမှုတွေဘာကြောင့် ခရီးမရောက်သလဲဆိုတာ ဆန်းစစ်ကြည့်တော့ အဓိကအကျဆုံး အချက်နှစ်ခု တွေ့ပါတယ်။ အဲဒါက ဗဟိုချုပ်ကိုင်မှုကို လျော့မချနိုင်တာနဲ့ အကျင့်ပျက်ခြစားမှုကို ထိထိရောက်ရောက် မတိုက်ဖျက် နိုင်တာကြောင့်ပါ။ အခုတော့ ဒီနှစ်ခုကို အထိရောက်ဆုံး ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ ဆွေးနွေးဖို့ လုပ်ဆောင်နေပါပြီ''ဟု သမ္မတ၏ အကြံပေး အဖွဲ့ဝင် ဒေါက်တာ တင်မောင်သန်းက ပြောကြားသည်။
''ဗဟိုချုပ်ကိုင်မှုကို လျော့ချဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အစိုးရအဖွဲ့တွေ ဖွဲ့ထားပေးပြီး ပါပြီ။ နှစ်ပေါင်းများစွာ အသားကျနေတဲ့ သူတွေမို့လို့ မလုပ်နိုင်သေးတာပါ။ အကျင့်ပျက်ခြစား မှုကတော့ နိုင်ငံတိုင်း ကြုံနေရပါတယ်'' ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံတမန် ဦးညွန့်မောင်ရှိန် က ပြောကြားသည်။
အစိုးရ ၀န်ကြီးဌာနများရှိ ၀န်ထမ်းများ၏ အကျင့်ပျက် လာဘ်စားမှုအား တိုက်ဖျက်ရန် ကြိုး ပမ်းနေသော် လည်း အမှန်တကယ် စတင်လုပ်ကိုင်ရန် အခက်အခဲများ ရှိနေကြောင်း နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးအဖွဲ့ မှ ဒေါက်တာ အောင်ထွန်းသက်က ပြော ကြားသည်။
''မြန်မာ့ယဉ်ကျေးမှုအရဆိုပြီး ပေးတဲ့သူကလည်း ပေးတယ်။ ယူတဲ့သူကလည်း ယူတယ်။ ဒီလို အမြစ်တွယ်နေတဲ့ လာဘ်ပေး လာဘ်ယူ ပြဿနာကို ဘယ်လိုစပြီး ကိုင်တွယ်ရမယ်မသိ ဖြစ်နေတယ်'' ဟု ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။

အစိုးရအနေနဲ့ အကျင့်ပျက် ခြစားမှုကို တကယ်တိုက်ဖျက်ချင်ရင် တိုက်ဖျက်နိုင်တဲ့ ဥပဒေ အခိုင်အမာ ရေးဆွဲပြီး အင်အားကောင်းတဲ့ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရေး အဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းလုပ်ဆောင် ရပါမယ်။ ဗဟိုချုပ်ကိုင်မှုကို လျော့ချဖို့ ဆိုတာကတော့ ဖက်ဒရယ် စနစ်တွေ အကြောင်းကို လေ့လာ သင့်ပါတယ်...


မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုကဲ့သို့ အမြစ်တွယ်နေသော လာဘ်ပေးလာဘ်ယူ အဂတိ လိုက်စားမှု ပြဿနာများမှာ နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ကြေကွဲစရာ ပြဿနာ ဖြစ်လာနေကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ပြီး အကျင့်ပျက်ခြစားမှုတွင် ကမ္ဘာ့အောက်ဆုံး အဆင့်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ အနေဖြင့် တရားဥပဒေအား ကျောခိုင်း၍ နိုင်ငံ့ဂုဏ်သိက္ခာ၊ ၀န်ထမ်းဂုဏ်သိက္ခာများအား အရင်းပြု၍ လာဘ်ပေးလာဘ်ယူ ပြုနေခြင်းမှာ မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာ အနေအထား ဖြစ်နေကြောင်းလည်း ဒေါက်တာ စိုင်းမောက်ခမ်း က ပြော ကြားခဲ့သည်။
''အကျင့်ပျက် လာဘ်စားမှု၊ အဂတိ လိုက်စားမှု လျော့ချဖို့ဆိုရင် ၀န်ထမ်းနဲ့ ပြည်သူ မျက်နှာချင်း မဆိုင်မိဖို့ e-Government စနစ်ကို အကောင်အထည် ဖော်ဖို့လိုမယ်။ အွန်လိုင်းဆက်သွယ်ရေး စနစ်ကို အောင်မြင်အောင် လုပ်ဆောင်ရမယ်'' ဟု ဒေါက်တာအောင်ထွန်းသက်က ဆက်လက် ပြော ကြားသည်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများ အနေနှင့် အားကောင်းသော အဖွဲ့ အစည်း ဖြစ်စေ ရန် အစိုးရ သြဇာသက်ရောက်မှု မရှိသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး အစိုးရ ကိုယ်စားလှယ်များ၊ ၀န်ကြီးများ ပါဝင်ပတ်သက်မှု မရှိမှသာ အင်အားကောင်းသော အဖွဲ့အဖြစ် အကျင့်ပျက် ခြစားမှုများအား တိုက်ဖျက်နိုင်မည်ဖြစ်ကာ အစိုးရ သြဇာသက်ရောက်မှု ရှိသည့် အဖွဲ့အစည်းများ ပါဝင်နေပါက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့မှာ အားကောင်း သက်ရောက်မှု နည်းပါးမည်ဖြစ်ကြောင်း သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ ထိန်းကျောင်း အဖွဲ့အစည်းများ ကွန်ရက်မှ Professor Veronica Taylor က ပြောကြားသည်။
အကျင့်ပျက်လာဘ်စားမှု အဆမတန် များပြားနေသော မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီအား အစိုးရသစ် လက်ထက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို စသည့် အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းခဲ့သော်လည်း လက်ရှိကာလအထိ အရေးယူ ဆောင်ရွက်မှု အခြေအနေများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ခြင်း၊ လုပ်ဆောင်ခြင်းများ မရှိသေးကြောင်း သိရသည်။
''အစိုးရအနေနဲ့ အကျင့်ပျက် ခြစားမှုကို တကယ်တိုက်ဖျက်ချင်ရင် တိုက်ဖျက်နိုင်တဲ့ ဥပဒေ အခိုင် အမာ ရေးဆွဲပြီး အင်အားကောင်းတဲ့ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရေး အဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းလုပ်ဆောင်ရပါမယ်။ ဗဟိုချုပ်ကိုင်မှုကို လျော့ချဖို့ ဆိုတာကတော့ ဖက်ဒရယ် စနစ်တွေ အကြောင်းကို လေ့လာ သင့်ပါတယ်'' ဟု အာဏာရှင်စနစ်မှ ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ကူးပြောင်း သည့် နိုင်ငံများအား လေ့လာနေသည့် The Educational Initiatives မှ Mr.Igor Blazevic က ပြောကြားသည်။
စစ်တပ်အုပ်ချုပ်သည့် အာဏာရှင်စနစ်မှ ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ ၂၀၁၁ ခုနှစ်မှ စတင်၍ ပြောင်းလဲခဲ့ပြီး ထိုသို့ပြုပြင်ပြောင်း လဲခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးဆက် များအား ပြည်သူများ မခံစားရပါက လက်ရှိအုပ်ချုပ်နေသည့် အစိုးရအပေါ် ပြည်သူများ ယုံကြည် မှု လျော့ကျလာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဧပြီ ၁၀ ရက်က ရန်ကုန်မြို့ရှိ လုပ်ငန်းရှင် များနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

From...EMG

No comments:

Post a Comment