Thursday, July 18, 2013

စာနယ်ဇင်းသမားများ ကန့်ကွက်နေကြသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ မဆွေးနွေးမီ ဥက္ကဋ္ဌအား ပြန်ကြားရေးဝန်ကြီး သီးသန့်လာရောက်တွေ့ဆုံ

uaungkyi-july18
ဇူလိုင် ၁၇ ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးခန်းမှ ပြန်ထွက်လာ သည့် ပြန်ကြားရေး ၀န်ကြီး ကို တွေ့ရစဉ်
စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ အပြင်းအထန် ကန့်ကွက်နေကြသည့် ပြန်ကြားရေး ၀န်ကြီးဌာနမှ
လွှတ်တော်သို့ တင်သွင်းသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသား လွှတ်တော် တွင် မဆွေးနွေးမီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အား သီးသန့်လာရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၇ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး အပြီးတွင် ပြန်ကြားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းသို့ အချိန်တစ် နာရီကျော်ကြာ လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
မည်သည့်အကြောင်းကြောင့် လာရောက်တွေ့ဆုံသည်ကို မသိရသော်လည်း ယခုအချိန်မှာ ပြန်ကြားရေး ၀န်ကြီးဌာနမှ တင်သွင်းသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် တွင် အတည်ပြုထားပြီး အမျိုးသားလွှတ်တော်သို့ ဆွေးနွေးရန် ပေးပို့ထားသည့် အချိန်နှင့် တိုက်ဆိုင်နေ သည်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ တင်သွင်းသည့် အဆိုပါ ဥပဒေကြမ်းမှာ စာနယ်ဇင်း အသိုင်းအ၀ိုင်းက ၀ိုင်းဝန်းကန့်ကွက်ထားသည့် ဥပဒေကြမ်းတစ်ခုဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းကိုသာ ယခုအတိုင်း အတည်ပြုလိုက်ပါက စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်အားလုံး နုတ်ထွက်မည် ဆိုသည် အထိ ကြေညာထားသည့် ဥပဒေကြမ်းတစ်ခု ဖြစ်သည်။
စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေးဝန်ကြီး တွေ့ဆုံရာတွင် သဘောတူထားသည့် အချက် အများစုမှာ ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ရောက်ရှိနေသည့် ဥပဒေကြမ်းတွင် ပါဝင်လာခြင်း မရှိသည့်အတွက်လည်း စာနယ်ဇင်း အသိုင်းအ၀ိုင်းက အဓိက ကန့်ကွက်နေခြင်း ဖြစ်သည်။
ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ လာရောက်စဉ်အတွင်း ဒုတိယ၀န်ကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးသို့ မိမိတို့အနေဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ) မှ ပြင်ဆင်လိုက်သည့် အချက်များအား လက်မခံကြောင်း၊ နိုင်ငံတကာတွင် မရသည့် အခွင့်အရေး များကို တောင်းနေခြင်းဖြစ်ကြောင်း ပြောကြားသွားသည်ဟု အဆိုပါ ကိုယ်စားလှယ် ၏ ပြန်လည်ပြော ကြားချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက "ကျွန်တော်ကတော့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်။ ဥပဒေပါ ဒဏ်ကြေးတွေ က နိုင်ငံတကာ စံနှုန်းမီပြီး ဥပဒေက နိုင်ငံတကာစံနှုန်း မမီလို့ မဖြစ်ဘူး။ မီဒီယာ သမားတွေဆိုတာ ရရစားစားတွေချည်းပဲ။ ချမ်းသာတဲ့သူ မရှိဘူး။ လက်နက်ကိုင်တွေနဲ့တောင် ဆွေးနွေးနိုင်သေးရင် ကလောင်ကိုင်တဲ့ သူတွေနဲ့ အဆင်ပြေအောင် ဘာလို့မဆွေးနွေးနိုင်တာလဲ။ ဒီဥပဒေဟာ နိုင်ငံတကာ စံနှုန်းနဲ့ ညီဖို့တော့ လိုတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်ဆွေးနွေးမယ်" ဟု ပြော ကြားသည်။
ပြန်ကြားရေးဝန်ကြီးမှ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအား ယင်းကဲ့သို့ လာရောက်တွေ့ဆုံသည့် မွန်းလွဲ ပိုင်းတွင်ပင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်၌ မီဒီယာများနှင့် တွေ့ ဆုံခဲ့ပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် ပြန်လည်ဆွေးနွေး ရန်မှာ အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ပေးပို့လာသည့် ဥပဒေများပေါ်တွင်သာ ပြင် ဆင်ဆွေးနွေး ရန် ဖြစ်နိုင်တော့ကြောင်း ထည့်သွင်းပြောကြားသွားသည်။

From....EMG

No comments:

Post a Comment