Tuesday, July 2, 2013

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား တစ်နှစ် နီးပါးကြာသည်အထိ ပြဋ္ဌာန်းနိုင်ခြင်းမရှိသေး

အများပြည်သူသိရှိရန် နိုင်ငံပိုင်သတင်းစာမှတဆင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့ တွင် ဖော်ပြ ခဲ့သော လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းအား တစ်နှစ် နီးပါး ကြာသည်အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၉၆ (က) တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အောက်ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှပြန်လည် ရုပ်သိမ်းခွင့်ရှိသည်-
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊
(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန် စွာ ဆောင်ရွက်ခြင်း ဟူ၍ ပါရှိပါသည်။

ယင်းကဲ့သို့ ဥပဒေပြဋ္ဌာန်းနိုင်ပါက ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက် နည်ပါးသော လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်လာနိုင်ပြီး နိုင်ငံအကျိုးပြု လုပ်ငန်းများကို “ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ” ဆိုသော ဆောင်ပုဒ်နှင့် အညီ ပို၍ပီပြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်သူများနှင့် နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြ ကြသည်။

“ဒီမိုကရေစီနိုင်ငံ တစ်ခုမှာက ကိုယ်စားလှယ်ကို ပြည်သူက တင်ပိုင်ခွင့်လည်း ရှိသလို ပြည်သူက ပြန်လည်ဖြုတ်ချခွင့်လည်း ရှိရမယ်လေ” ဟု NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးထင်လင်းဦးက ပြောသည်။


နိုင်ငံတော်ပိုင် သတင်းစာမှတဆင့် ပြည်သူကိုဖော်ပြခဲ့သော အဆိုပါ ဥပဒေကြမ်း အခန်း (၄) ပုဒ်မ (၈) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟုပါရှိပြီး၊ ပုဒ်မ (၉) တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပုဒ်မ (၈) ပါ တိုင်တန်း ချက်ကို ရရှိသည့်အခါ ကော်မရှင် အဖွဲ့ဝင်သုံးဦးပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး ရမည်ဟု ပါရှိသည်။

အဆိုပါဥပဒေအား အတည်ပြုနိုင်ပါက နိုင်ငံသားနှင့်နိုင်ငံတော်အတွက် အကျိုး မပြုသော လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်း နိုင်ခွင့်ရှိခြင်းသည် လွှတ်တော် ကိုယ်စား လှယ်များ အတွက် ပိုမိုလေးနက်သော အဓိပ္ပါယ်နှင့် တာဝန်များ ရှိလာနိုင် မည်ဖြစ်သလို၊ လွှတ်တော်သည် ယခုထက်ပို၍ အရေးပါ အသက်ဝင် လာနိုင်ကြောင်း နိုင်ငံရေးလေ့ လာနေသည့် ပြည်သူများက ပြောသည်။

“အဲဒီကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကို တင်ထားတယ် ပြောတယ်။ အခုအထိတော့ ကျွန်တော်တို့ မဆွေးနွေး ရသေးဘူး။ မြင်လည်းမမြင်ရသေးဘူး” ဟု အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ပြောသည်။

လွှတ်တော်များအနေဖြင့် ဒေါက်တာ ဆိတ်ဖွားကဲ့သို့သော ကိစ္စများအား အချိန်ကုန်ခံ ဆောင်ရွက် ခြင်းထက် အများပြည်သူအတွက် အမှန်တကယ် အကျိုးရှိသော ကိစ္စရပ်များကို ဥပဒေအဖြစ် ပေါ်ပေါက် လာရန် ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ပြည်သူအချို့က ဝေဖန်ကြသည်။

အဆိုပါဥပဒေကြမ်းတွင် လွှတ်တော်ကိုယ်စားလှယ်အား ရုပ်သိမ်းရန်ကိစ္စနှင့် ပတ်သက် ၍၊ အခန်း (၄) ပုဒ်မ (၁၂) တွင် မဲပေးရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲစာရင်းပါ သက်ဆိုင်ရာ မဲဆန္ဒရှင် များကသာ ဆန္ဒမဲပေးပိုင်ခွင့် ရှိရမည်။ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲစာရင်းတွင် မပါဝင်သော မဲဆန္ဒရှင်စာရင်းအသစ်ကို မူလမဲစာရင်းတွင် ထပ်မံထည့်သွင်း ပြီး ဆန္ဒမဲပေးစေခြင်း မပြုရဟု ပါရှိသည်။

“ပြည်သူဘက်က ဆန္ဒထုတ်ဖော်လို့ရပါတယ်။ အဓိကက ပြည်သူလူထုဘက် က ကိုယ့်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့နေရာမှာ ကိုယ့်ကို အမှန်တကယ် လုပ်ပေးနိုင်မယ့်လူတွေကို မှန်မှန် ကန်ကန် ရွေးချယ်ပြီးတော့ ကိုယ်စားလှယ်အဖြစ် ရွေးဖို့ လိုပါတယ်။ မလုပ်ပေးနိုင်တဲ့လူတွေ ကို ရွေး မိရင်တော့ ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင် ဖြစ်နေ မယ်။ ပြည်သူလူထု အနေနဲ့ ဒီမိုကရေစီစနစ်မှာ အာဏာဟာ ငါတို့လက်ထဲမှာရှိတယ်။ ငါတို့ဟာ ပြည်သူကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကိုသာ လွှတ်တော်ထဲ လွှတ်မယ်ဆို တဲ့ မူကိုကိုင်ပြီး ရွေးချယ်ဖို့လိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ ဥပဒေကြမ်း၊ ပုဒ်မ (၁၄) တွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းကြောင်း သို့မဟုတ် မရုပ်သိမ်းကြောင်းကို မဲပေးဆုံးဖြတ် ရာတွင် လာရောက်ဆန္ဒ မဲပေးကြသည့် သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ အတည်ပြု ရမည်ဟု ပါရှိသည်။

လွှတ်တော်နှစ်နှစ်ခွဲသက်တမ်းအထိ အဆိုတစ်ခုမှ မတင်သွင်းဘဲ စက်ခလုပ် နှိပ်ရုံ တစ်ခုထဲလုပ်ကာ လွှတ်တော်တက်နေသော ကိုယ်စားလှယ်များ ရှိနေသေးကြောင်း လွှတ်တော်လေ့လာသူ တစ်ဦးကပြော သည်။ ထို့အပြင် မိမိအနိုင်ရရှိရာဒေသသို့ တစ်လလျှင် တစ်ခေါက် မရောက်သော လွှတ်တော် ကို်ယ်စားလှယ်များ ရှိနေသေးကြောင်းလည်း ပြည်သူ တချို့က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေက “လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်က ရုပ်သိမ်း မယ်ဆို၊ အဲဒီမဲဆန္ဒရှင် ပြည်သူတွေက လက်မှတ် ထိုးရမှာက မြို့နယ်တိုင်းမှာ ရှိတယ်။ ပြည်သူ့အတွက် မလုပ်ပေး နိုင်ဘူးလို့ ယူဆတဲ့ ကိုယ်စားလှယ်တွေ အချို့တော့ ရှိချင်ရှိမှာပေါ့” ဟု ပြောသည်။

အဆိုပါဥပဒေကြမ်း အခန်း(၅) ပုဒ်မ(၁၈)တွင် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် သည် ဤဥပဒေအရတာဝန်မှ ပြန်လည်ရုပ်သိမ်းခံရခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ် နေရာလစ်လပ်လျှင် ဥပဒေနှင့်အညီ အစား ထိုး ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။

ပုဒ်မ (၁၉) တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ဤဥပဒေအရ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ခံရပါက ယင်းလွှတ်တော်ကိုယ်စားလှယ် အား သက်ဆိုင်ရာ လွှတ်တော်က ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့တွင် တာဝန်ပေးအပ်ထားခြင်းမှလည်း ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။


အဆိုပါ ဥပဒေကြမ်း ပုဒ်မ (၂၀) တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်သည် ဤဥပဒေပါ ပြဋ္ဌာန်း ချက်များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ အမိန့်ကြော်ငြာ စာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်ဟု လည်း ဖော်ပြ ထားသည်။

တေဇာဘုန်းမြင့်

The Messenger ဂျာနယ် အတွဲ ၄၊ အမှတ် ၆ မှ ကူးယူဖော်ပြသည်

No comments:

Post a Comment