Tuesday, July 23, 2013

သံဃာ အယောင်ဆောင် မူးယစ်ဆေး သယ်ယူသူ ဖမ်းမိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သိမ်အင်း ရပ်ကွက် နေထိုင်သူ ဦးကျောက်ချင်မို၏ အိမ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက သင်္ကန်း ဝတ်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။

အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ဦးဝင်းမြင့် (ခ) အိုက်စံ၏ အိပ်ခန်းတွင်းရှိ ခုတင် ပေါ်မှ သင်္ကန်း နှစ်စုံကို တွေ့ရှိခဲ့ကြောင်း၊ WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား တစ်သောင်း ကျော်နှင့် ဘိန်းဖြူမှုန့်၊ ဘိန်းစိမ်းများ ပါဝင်သည့် မူးယစ်ဆေးဝါးများကို ရှမ်းပြည် နယ် မြောက်ပိုင်း လားရှိုးမှ ကချင်ပြည်နယ် မိုးညှင်းမြို့သို့ အရောက်သယ်ယူခ ကျပ် သုံးသိန်းဖြင့် လားရှိုးမြို့ ၁၂ ရပ်ကွက်တွင် နေထိုင်သူ ဇနီးမောင်နှံက ငှားရမ်းခဲ့ပြီး ၎င်းသည် သံဃာ အသွင်ဖြင့် မိုးညှင်းမြို့သို့ သယ်ဆောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“မူးယစ်ဆေးဝါး လာပို့တဲ့သူ (ဦးဝင်းမြင့်)က ဧည့်သည်တစ်ယောက်ပါ၊ သူရဲ့ အိပ်ခန်းထဲမှာ သင်္ကန်း နှစ်စုံ တွေ့ရပြီး ရဟန်းအသွင်ယူပြီး သယ်လာခဲ့တယ်လို့ သူက ပြောတယ်” ဟု အဆိုပါ ဖမ်းဆီးမှုတွင် ပါဝင်သူ မိုးညှင်းမြို့၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးက The Voice သို့ ပြောကြားသည်။

ယင်းသို့ သယ်ဆောင်သူ ကိုးကန့် တိုင်းရင်းသားက ၎င်းသယ်ဆောင် လာသည့် မူးယစ်ဆေးဝါးများကို ငှားရမ်းသူ အသက် ၃၁ နှစ်အရွယ်ရှိ ဦးအိုက်တေ (ခ) ကျော်မြင့်နှင့် အသက် ၂၇ နှစ် အရွယ်ရှိ ဒေါ်ဆောက်ဆိုင်ဂျင်တို့ ဇနီးမောင်နှံထံ လွှဲပြောင်းခဲ့ကြောင်း၊ အဆိုပါ ဇနီမောင်နှံက ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ပါဂျဲရို ခဲရောင် အငှားယာဉ်ဖြင့် မိုးညှင်းမှ ဖားကန့်သို့ ဆက်လက် သယ်ဆောင်ခဲ့ရာ မိုးကောင်းမြို့နယ်၊ ၈ မိုင် လမ်းဆုံတွင် WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား ၁၀၆၉၂ ပြားနှင့် ဘိန်းဖြူမှုန့် ၅ ဒသမ ၅ ဂရမ်ပါ ဘလောက်တုံး အပိုင်းတစ်ခု အပါအဝင် ကျပ် ၃၇၉ သိန်းကျော်ဖိုး မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့ကြောင်း မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

“သယ်လာတဲ့ ဂေါ်ဖီထုပ်ထဲမှာလည်း စိတ်ကြွဆေးပြား တွေ့တယ်၊ ကားကို ရဲစခန်းကို မောင်းသွားခိုင်း ပြီး ပြန်ရှာတဲ့အခါမှာ စီးလာတဲ့ ဖိနပ်ထဲမှာပါ ထပ်တွေ့ရတယ်” ဟု မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်း အရာရှိ တစ်ဦးက ဆိုသည်။

မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိသူ ဇနီးမောင်နှံတို့ကို မယ(ပ) ၃၁/ ၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် မိုးကောင်း မြို့မ ရဲစခန်းတွင် လည်းကောင်း၊ သံဃာ အသွင်ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်သူ ဦးဝင်းမြင့် (ခ) အိုက်စံကို မယ(ပ) ၃၈/၂၀၁၃၊ မူးယစ် ပုဒ်မ ၁၅/၁၆ (ဂ) ဖြင့် မိုးညှင်း မြို့မ ရဲစခန်းတွင် လည်းကောင်း အမှုဖွင့်ထား ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

၂၀၁၃ ခုနှစ် မေလတွင် မြန်မာတစ်နိုင်ငံလုံးတွင် စိတ်ကြွဆေးပြား ဖမ်းမိမှု ၁၀၅ မှုရှိပြီး ဆေးပြားပေါင်း သုံးသိန်း နှစ်သောင်းကျော် ဖမ်းမိ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

From....The Voice

No comments:

Post a Comment