Wednesday, July 31, 2013

ဆေးလိပ်ကြော်ငြာများ တိုင်းနှင့်ပြည်နယ် အစိုးရများ အရေးယူရမည်

မြန်မာနိုင်ငံတစ်ဝန်းရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ဆေးလိပ်နှင့် ဆေးရွက်ကြီး ကြော်ငြာများ
ရှာဖွေစစ်ဆေးရန်နှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ယခုလအတွင်း အကြောင်းကြားထားကြောင်း အခြေခံကျန်းမာရေး ပညာဌာနမှ လက်ထောက် ညွှန်ကြားရေး မှူး ဒေါက်တာနန်းနိုင်နိုင်ရှိန်က ပြောကြားသည်။ “ကျန်းမာရေး ဝန်ကြီးဌာနကတော့ ပြည်နယ်နဲ့တိုင်း ကျန်းမာရေး ဦးစီးဌာနတွေကို အကြောင်းကြားထားတယ်။ ကျန်တာက အစိုးရအဖွဲ့ရုံးက အစိုးရအဖွဲ့ကို အကြောင်းကြားမှာပါ” ဟု ၄င်းက ဖြည့်စွက် ပြောကြားသည်။ ယခင် ကျန်းမာရေး ကော်မတီ များက ဆေးလိပ်ကြော်ငြာများကို လိုက်လံစစ်ဆေးသော်လည်း ပြစ်ဒဏ်အရေးယူမှုပိုင်းတွင် ရဲတပ်ဖွဲ့ များက ပါဝင်ဆောင်ရွက်မှု အားနည်းခြင်းကြောင့် ယခုကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ ပါဝင်လာမည် ဆိုပါက ပိုထိရောက်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဦးသန်းစိန်က ပြော ကြားသည်။ ကျန်းမာရေး ဝန်ကြီးဌာနက ဆေးလိပ်ကြော်ငြာများကို ထိရောက်စွာ အရေးယူဆောင်ရွက် ရန် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေး နည်းဥပဒေ ကို ရေးဆွဲ လျက်ရှိပြီး မူကြမ်း ရေးဆွဲပြီးပါက အရပ်ဘက် အဖွဲ့အစည်းများထံ ချပြသွားရန် ရှိကြောင်း ဒေါက်တာ နန်းနိုင်နိုင်ရှိန်က ဆိုသည်။ လက်ရှိ အတည်ပြုထားသော အဆိုပါ ဥပဒေတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး များ ရောင်းချရာ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အပိုထပ်ဆောင်းပစ္စည်းများ လက်ဆောင်ပေးခြင်းများကို တားမြစ်ထားသည်။ ယင်းအပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ပစ္စည်းများကို အမှတ်တံဆိပ်မပါရှိဘဲ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းတို့ကို တားမြစ်ထားပြီး ကျူးလွန်ပါ က ထောင်ဒဏ်နှင့် ငွေဒဏ် တစ်ပြိုင်နက် ချမှတ်နိုင်သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်း ခဲ့သော်လည်း ယခုအချိန်ထိ အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ် The Voice Daily သတင်းစာ တွင် ဖော်ပြ ထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment