Tuesday, July 23, 2013

၁၉ ဇူလိုင် အာဇာနည်နေ့တွင် အရပ်ဘက်လူမှု အဖွဲ့အစည်း ၃၀ ကျော်နှင့် ပြည်သူ ၅၀၀ ၀န်းကျင် ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ပြိုင်တူဥသြဆွဲခြင်းများ ပြုလုပ်ပြီး အာဇာနည်ကုန်းသို့ ဂါဝရပြု စုပေါင်းလမ်းလျှောက်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ ဗိုလ်ချုပ်ဆောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသော အချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၀ ကျော်နှင့် ပြည်သူ ၅၀၀ ၀န်းကျင် က ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လွမ်းသူ့ပန်းခွေချခြင်း၊ ပြိုင်တူ ဥသြ ဆွဲ၍ ၀မ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခြင်းများ ပြုလုပ်ပြီးနောက် အာဇာနည် ကုန်းသို့ စုပေါင်း လမ်းလျှောက် ဂါရ၀ပြုခဲ့ကြကြောင်း သိရ သည်။   

ဗိုလ်ချုပ်ဆောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသော အချိန်တွင် နာရေးကူညီမှု အရေးပေါ်ယာဉ်မှ ဥသြဆွဲခြင်း၊ ကားများဟွန်းတီးခြင်းနှင့် ဖုန်းများတွင် ဥသြသံဖွင့်ကာ ဂါရ၀ပြုကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ဦးဆောင်သူ အချို့မှ ၆၆ နှစ်မြောက် အာဇာနည်နေ့နှင့် စပ်လျဉ်း၍ ဦးဆောင်သူများ သဘောထား ကြေညာချက် ဖတ်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။

''လက်ရှိအစိုးရ အနေနဲ့ အာဇာနည်နေ့ကို ခမ်းခမ်းနားနားနဲ့ လုပ်ပေးစေချင်တဲ့စိတ် လုံးဝမရှိဘူးဆိုတာ ဒီနေ့က အရမ်းကိုသိသာ ထင်ရှားစွာ မြင်ရပါတယ်။ ဒီလိုလုပ်ပေးချင်တဲ့ စိတ်မရှိတာ ဘာကြောင့်လဲ ဆိုတော့ အခုအစိုးရဟာ ဘယ်ကလာလဲ။ ဘယ်ကနေ သန္ဓေတည် ပေါက်ဖွားလာလဲဆိုရင် စစ်တပ် ကနေ သန္ဓေတည် ပေါက်ဖွားလာတဲ့ အစိုးရပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် တပ်မတော် က ဖြစ်တယ်။  ပြည်သူ့ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်တွေရဲ့ ကျဆုံးခဲ့တဲ့နေ့ကို ခမ်းခမ်းနားနား မလုပ်ပေးစေချင်တဲ့ ဆန္ဒဟာ ငါတို့သာလျှင် တိုင်းပြည်ရဲ့ ခေါင်းဆောင်သာ ဖြစ်တယ်ဆိုတဲ့ မလိုလားအပ်တဲ့ စစ်ဝါဒ၊ စစ်မာနကို ရှေ့တန်းတင်လိုကြတာ ဖြစ်ပါတယ်'' ဟု အာဇာနည်နေ့နှင့် စပ်လျဉ်း၍ ဦးဆောင်သူများ၏ သဘောထား ကြေညာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ဗဟို လုပ်ငန်း ကော် မတီ ဥက္ကဋ္ဌဖြစ်သူ ကိုကျော်ကိုကိုက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက ''ဒါပေမဲ့ သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒ ကတော့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ကျဆုံးသွားတဲ့ အာဇာနည်တွေရယ်၊ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးနဲ့ မြန်မာပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့သူတွေ အားလုံးကို လိုလိုလားလားနဲ့ ဂုဏ်ပြုဖို့၊ ဦးညွှတ်ဖို့အတွက် ပြည်သူတွေ အခုလိုလမ်းပေါ်ကို ထွက်လာကြတာ ဖြစ်ပါ တယ်။ ပြည်သူတွေ အခုလိုစုရုံးပြီး ဗိုလ်ချုပ် အထိမ်းအမှတ်ရှိတဲ့ နေရာတိုင်းမှာ ဦးညွှတ် ဂုဏ်ပြုကြ တာဟာ လက်ရှိအစိုးရရဲ့ သမိုင်းကို ဖုံးကွယ်ဖို့ လုပ်တာကို လုံးဝလက်မခံဘူးဆိုတာ ထင်ရှားပါတယ်'' ဟု အာဇာနည်နေ့ ဥသြဆွဲ ဂါရ၀ပြုခြင်း မပြုမီ ပြောကြားသွားသည်။                

လှိုင်မြို့နယ်မှ လာရောက် ဂါရ၀ပြုခဲ့သော ဒေါ်တင်ဌေးဦးက ''အရင်နှစ်တွေတုန်းကလို မတူဘဲ အခုလို ဥသြဆွဲပြီး ဂုဏ်ပြုဦးညွှတ်ခွင့်ရတာဟာ ၀မ်းသာရပါတယ်။ အခုလို ဥသြဆွဲပြီး ဦးညွှတ်ကြမယ် ဆိုတာ ကြားတော့ သူငယ်ချင်းတွေစုပြီး ရောက်အောင်လာခဲ့တယ်။ အခုခေတ်မှာ ဒီလိုလုပ်ခွင့် ရတာဟာ နောင် လာမယ့် မျိုးဆက်သစ်တွေအတွက် အင်မတန် ကောင်းတဲ့ ရလဒ်တွေ ဖြစ်လာမယ်လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။
  
ပြီးနောက် လာရောက် ဦးညွှတ်သူများသည် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ မှ ရွှေတိဂုံအရှေ့ဘက် မုခ်ရှိ ရေ တာရှည်လမ်းမှ ဖြတ်ကာ အာဇာနည်ကုန်းသို့ ပြည်သူ ၅၀၀ ၀န်းကျင်သည် နှစ်ယောက် တစ်တွဲဖြင့် စနစ်တကျ စီတန်းလမ်းလျှောက် ချီတက်ခဲ့ကြသည်။ အာဇာနည်ကုန်းသို့ လာရောက်ဂါဝရပြု ကြသော ပြည်သူများပြားသောကြောင့် စစ်ဆေးရေး အ၀င်ဂိတ်များတွင် သက်ဆိုင်ရာ များနှင့် ပြည်သူ များအကြား တိုးဝှေ့တွန်းထိုးမှုများ ရှိခဲ့ကြောင်း သိရသည်။

From....EMG

No comments:

Post a Comment