Friday, July 19, 2013

အာဇာနည်နေ့ ၌ ဥသြဆွဲခြင်း၊ ကားဟွန်းတီး ဂုဏ်ပြုခြင်းကို ရန်ကုန်ရှိ လူစည်ကားရာ နေရာများတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ပြုလုပ်မည်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၁၀နာရီ ၃၇ မိနစ် အချိန်တွင် ဥသြဆွဲခြင်း၊ ကားဟွန်းတီး ဂုဏ်ပြုခြင်း အစီအစဉ်များကို ရန်ကုန်ရှိ လူစည်ကားရာ နေရာများတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တ.က.သ) မှ စီစဉ်ပြုလုပ်မည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုစည်သူမောင်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ မြို့နယ် ၁၈ မြို့နယ်ရှိ လှည်းတန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ ဖရေဇာ လမ်း (အနော်ရထာလမ်းနှင့် ဆူးလေဘုရား လမ်းထောင့်အနီး)၊ အင်းစိန်ပန်းခြံ၊ ရှစ်မိုင် လမ်းဆုံ၊ မြောက် ဒဂုံ (၇/၈)လမ်းဆုံ၊ မြောက်ဥက္ကလာ အ၀ိုင်း၊ တောင်ဥက္ကလာနန္ဒ၀န်ဈေးရှေ့၊ သင်္ဃန်း ကျွန်း စံပြဈေး၊ တာမွေဗလီလမ်းဆုံ၊ သာကေတ ကျောက်တိုင်၊ ဘုရင့်နောင်လမ်းဆုံ စသည့်လူစည်ကား ရာ နေရာ များတွင် တကသကျောင်းသား များက ပြည်သူလူထုနှင့် ပူးပေါင်းကာ ဥသြဆွဲခြင်း၊ တစ်မိနစ် ငြိမ်သက် ဂုဏ်ပြုခြင်း၊ ကားများကို ဟွန်းတီးဂုဏ်ပြုရန် တောင်းဆိုခြင်းများကို ဦးဆောင်စီစဉ် သွား မည်ဖြစ်ကြောင်း ကိုစည်သူမောင်က ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒလ၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့်မြို့နယ်များ၊ မြောင်းမြ၊ ပုသိမ်၊ ဟင်္သာတ၊ ပန်းတနော်စသည့် ဧရာဝတီ တိုင်း ဒေသကြီး အတွင်းရှိမြို့များ၊ ထားဝယ်မြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့ စသည့်မြို့များရှိ လူစည်ကားရာ နေရာများတွင်လည်း ဥသြဆွဲခြင်း၊ ကားဟွန်းတီး ဂုဏ်ပြုခြင်း စသည့် အစီအစဉ်များ ကို ပြုလုပ်သွားမည် ဖြစ်သည်။

''ကျွန်တော်တို့ နေရာတစ်ခုကို ကျောင်းသား ၁၀-၁၅ ယောက်လောက်သွားပြီး အဲဒီနေရာက ပြည်သူနဲ့ ပူးပေါင်းပြီး အာဇာနည်တွေကို ဂုဏ်ပြုသွားမှာပါ။ ကျွန်တော်တို့က စီစဉ်ခြင်းသာဖြစ်ပြီး တကယ်လုပ် ရမှာက ပြည်သူတွေသာဖြစ်လို့ ပြည်သူအနေနဲ့ ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းပါတယ်'' ဟု ကိုစည်သူမောင် က ပြောကြားသည်။

ပျောက်ကွယ်နေသော အစဉ်အလာကောင်း တစ်ရပ်ကို ပြန်လည်ဖော်ထုတ်လိုခြင်း၊ အာဇာနည်နေ့တွင် အစိုးရမှ ပြည်သူတို့၏ အလိုလားဆုံးသောဆန္ဒကို ဖြည့်ဆည်းပေးရန် ပျက်ကွက်၍ ကျောင်းသား များက ပြည်သူလူထုနှင့် ပူးပေါင်းကာ ပြည်သူတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုခြင်း၊ မမေ့သင့်သော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကို အောက်မေ့သတိရ ဂုဏ်ပြုလိုခြင်း၊ အာဇာနည်နေ့တွင် ဥသြဆွဲ ဂုဏ်ပြုသည့် အစဉ်အလာကို အစိုးရမှ ပြန်လည်တာဝန်ယူ စေလိုခြင်းကြောင့် ယခုကဲ့သို့ ဥသြဆွဲ ဂုဏ်ပြုခြင်းကို ကျောင်းသားနှင့် ပြည်သူ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment