Tuesday, July 23, 2013

နှစ်သိန်းတန် GSM ဆင်းကတ် တစ်သောင်းပိုပေး ဝယ်ယူ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့တွင် ကျပ်နှစ်သိန်းတန် GSM ဆင်းကတ်များကို လိုင်းပို မိသည်ဟုဆိုကာ ဇူလိုင်လ တတိယပတ်မှစ၍ လိပ်စာနှင့် အမည်ပေါက်ပါက ယခင်ဈေးထက် ကျပ် တစ်သောင်း ပိုပေးကာ လိုက်လံဝယ်ယူလျက် ရှိကြောင်း တောင်ငူမြို့ခံများထံမှ သိရှိရသည်။

အဆိုပါ ဆင်းကတ်များကို တောင်ငူမြို့ရှိ ဖုန်းအရောင်းဆိုင်များနှင့် ဖုန်းဝယ်ရောင်း လုပ်ကိုင်သူများက ဝယ်ယူခြင်း မရှိဘဲ ဖုန်းကိုင်ဆောင်သူများနှင့် နီးစပ်သူများမှတစ်ဆင့် လိုက်လံ ဝယ်ယူခြင်း ဖြစ်ကြောင်း အဆိုပါမြို့နယ် ပြည်တော်သာ အိမ်ရာတွင် နေထိုင်သူ စိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“သူတို့က နှစ်သိန်းတန်ဂျီ (GSM) တစ်မျိုးတည်းကိုပဲ ဝယ်တာ။ နှစ်သိန်းခွဲတန် WCDMA ကိုတောင် စိတ် မဝင်စားဘူး။ အင်တာနက်လိုင်း ပါရင် ဈေးပိုပေးတယ်။ အသိမိတ်ဆွေ ချိတ်ပေးလို့ နှစ်သိန်း တစ်သောင်းနဲ့ ရောင်းပြီး ၁၅၀၀ တန်ကို လေးသောင်းခွဲပေးပြီး ပြောင်း ကိုင်တယ်” ဟု ဇူလိုင်လ ၁၆ ရက်နေ့က နှစ်သိန်းတန် GSM ဆင်းကတ် ရောင်းချခဲ့သူတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့ရှိ ဖုန်းအရောင်းဆိုင်များတွင် ဇူလိုင်လ ၂၅ ရက်နေ့၌ ကျပ် ၁၅၀၀ တန် GSM ဆင်းကတ် ထွက်ရှိမည်ဆိုသော သတင်းများကြောင့် ကျပ်နှစ်သိန်းတန် GSM ဆင်းကတ် အဝယ်မရှိ သလောက်ပင် ဖြစ်ကြောင်း၊ ကရင်ပြည်နယ် သံတောင်ဒေသက ကျပ်ငါးသိန်း CDMA ကိုသာ ဝယ်ယူမှု ရှိကြောင်း တောင်ငူမြို့ ကုန်သည်လမ်းရှိ ဝင်းကမ္ဘာ မိုဘိုင်းလ်ဖုန်းဆိုင် ဖွင့်လှစ်ထားသူ ဦးရန်နောင် က ပြောကြားသည်။

နှစ်သိန်းတန် GSM ဆင်းကတ် ဝယ်ယူသူများသည် အရစ်ကျ ဝယ်ယူထားသည့် ၀၉-၄၂၈-၁၆/၁၇ လိုင်းကို ဝယ်ယူခြင်းမရှိဘဲ အမည်ပေါက် ၀၉-၄၂၈-၁၁ ဂဏန်းများကိုသာ လိုက်လံဝယ်ယူလျက် ရှိကြောင်း တောင်ငူမြို့ခံများထံမှ သိရှိရသည်။

တောင်ငူခရိုင်အတွင်း မိုဘိုင်းလ်ဖုန်း ၇၀၀၀၀ နီးပါးရှိပြီး ခရိုင်တစ်ခုလုံး၏ တယ်လီဖုန်း သိပ်သည်းဆ ၁၆ ရာခိုင်နှုန်းခန့် ရှိကြောင်း တောင်ငူခရိုင် ဆက်သွယ်ရေး အင်ဂျင်နီယာရုံးထံမှ စုံစမ်းသိရှိရသည်။
 The Voice

No comments:

Post a Comment