Wednesday, July 24, 2013

SEA-ME-WE 3 ရေအောက်ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် အင်တာနက်လိုင်း အမြန်နှုန်းများ ထက်ဝက်ခန့် ကျဆင်း

၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက် ညနေပိုင်း၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့ ချိတ်ဆက်ထားသည့် SEA-ME-WE 3 ရေအောက် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် အင်တာနက်လိုင်း အမြန်နှုန်းများ ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အဆိုပါ SEA-ME-WE 3 ရေအောက်ဖိုက်ဘာဆက်ကြောင်းသည် အရှေ့တောင်အာရှ၊ အရှေ့ အလယ်ပိုင်းဒေသ၊ အနောက်ဥရောပ နိုင်ငံများအား ချိတ်ဆက်ထားသည့် ရေအောက် ဖိုက်ဘာ ကေ ဘယ်ကြိုးဖြစ်ပြီး မြန်မာနိုင်ငံသို့ ဖျာပုံမြို့အနီး၌ ၀င်ရောက်ချိတ်ဆက် ထားသော ရေအောက်ဖိုက်ဘာ ဆက်ကြောင်း ဖြစ်သည်။ ပြည်တွင်းမှ အသုံးပြုနေသည့် အင်တာနက် အမြန်နှုန်း Bandwidth စုစုပေါင်း မှာ 11.5 GB ရှိနေရာမှ ယခု ပြတ်တောက်မှုကြောင့် 5.5 GB နီးပါး ကျဆင်းသွားကြောင်း သိရသည်။

"မနေ့ညနေ ၅ နာရီဝန်းကျင်က အင်တာနက်လိုင်းတွေ ခဏပြတ်သွားတာ ည ၉ နာရီမှာ ဆက်သွယ်မှု ပြန်ရတယ်။ အရင်တုန်းက ကျွန်တော်တို့မှာရှိတဲ့ အင်တာနက် အမြန်နှုန်း စုစုပေါင်းက 11.5GB ကနေ အခု 5.5 GB ဆိုတော့ ထက်ဝက်လောက် ကျသွားတယ်။ ဖြစ်ဖို့များ တာက မြန်မာ့ရေ ပိုင်နက်ထဲမှာ ဖြစ်ဖို့များတယ်။ အခုပြတ်တဲ့နေရာကို ရှာနေတယ်။ ရေထဲမှာ ပြတ်တာဆိုရင် SEA-ME-WE 3 နဲ့ ပတ်သက်တဲ့ လာပြင်တဲ့ သင်္ဘောတွေ ရှိတယ်။ အဲဒီလိုမျိုး ရေထဲမှာ ပြတ်တာဆိုရင် အနည်းဆုံး ရက် ၂၀ လောက်အထိ ကြာနိုင်တယ်လို့ သက်ဆိုင်တဲ့ အင်ဂျင်နီယာချုပ်က ပြောပါတယ်။ အခု လောလောဆယ်တော့ ပြတ်တဲ့နေရာကို ရှာနေပါတယ်" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၊ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြော ကြား သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသည့် ဆက်ကြောင်းကြီး သုံးခုဖြစ်သည့် ဂြိုဟ်တုဆက်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းနှင့် SEA-ME-WE 3 ဟူ၍ ဆက်ကြောင်းသုံးခုအနက် SEA-ME-WE 3 မှာ အရေးကြီးသည့် ဆက်ကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

SEA-ME-WE 3 ရေအောက်ကေဘယ်လ် ဆက်ကြောင်းသည် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၇ ရက်၌ ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး ယင်းကာလ၌ အင်တာနက် ကွန်နက်ရှင် နှေးကွေးမှုမှာ လနှင့်ချီ ကြာမြင့်ခဲ့ပြီး အင်တာနက် အသုံးပြု စီးပွားရေး လုပ်ငန်းများတွင် ထိခိုက်နစ်နာမှု များပြားခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် မတ် ၁၇ ရက်တွင်လည်း ဖျာပုံနှင့် ကျိုက်လတ်ကြားရှိ SEA-ME-WE 3 ပင်လယ်ရေအောက် ကေဘယ်လ်အင်တာနက် ဆက်ကြောင်းနှင့် မြ၀တီရှိ နိုင်ငံတကာ အင်တာနက် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်းအချို့ ပြတ်တောက်သွားသဖြင့် Bandwidth ပမာဏ 3.1GB ကျဆင်းသွားခဲ့သည်။

အဆိုပါ အာရှဥရောပ ရေအောက်ကေဘယ် SEA-ME-WE 3 သည် မြန်မာနိုင်ငံ အပါအ၀င် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃၄ သန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင် ထားပြီး မြန်မာနိုင်ငံ ဖျာပုံမြို့မှ အကွာအဝေး ၁၁၄၃ ကီလိုမီတာတွင် ရေအောက်ကေဘယ်ဖြင့် ဆက်သွယ်ထားသည့် ဆက်ကြောင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment