Saturday, August 10, 2013

အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်းများအား အရေးယူရန် တိုင်ကြားစာ ၁၁၉ စောင်အား စစ်ဆေးမှုအရ တစ်ဦးအား ထောင်ဒဏ်နှင့် ၁၈ ဦးအား အငြိမ်းစားပေး

အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်း များအား အရေးယူရန် တိုင်ကြားစာ ၁၁၉ စောင်အား စစ်ဆေးမှုအရ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ထောင်ဒဏ်အပြစ် ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၁၈ ဦးအား အငြိမ်းစား ပေးခဲ့ကြောင်း သြဂုတ် ၉ ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းရေး ကိစ္စနှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်အရ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၃၆၂ ဦး ရှိပြီး ဌာနပြောင်းရွှေ့ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၆၉ ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်စေရေး ရည်ရွယ်ပြီး သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တစ်ဦးအား ကြီးကြပ်စေကာ အထက်ပါ အရေးယူမှုများအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက ဒုတိယသမ္မတ ဦးဆောင်သော ကော်မတီတစ်ရပ် ဖွဲ့စည်း၍ အစိုးရ အဖွဲ့အစည်း များအတွင်း အဂတိလိုက်စားမှု ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး အတွက် ရည်မှန်းကာ တာဝန်ပေး ဆောင်ရွက်စေခဲ့ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကောင် အထည်ဖော် ဆောင်ရွက်သည့် ပြည်ထဲရေး ၀န်ကြီးဌာနသည်လည်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့တို့ကို ဖွဲ့စည်းပြီး နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသည် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးအတွက် ဆက်သွယ် တိုင်ကြားနိုင်သည့်စနစ် ထူထောင်ကာ အများပြည်သူ ပူးပေါင်းဆောင်ရွက် လာစေရေးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၁ ရက်က စတင်ဖိတ်ခေါ် ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ကျင်းပခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် အစိုးရဌာနများ၌ ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်း ပြောကြားသည်။ ၂၀၁၂ ခုနှစ်က နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဂတိ လိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းများအရ နိုင်ငံပေါင်း ၁၈၀ ကျော်တွင် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံများစာရင်း၌ ပါဝင်နေသည်။

EMG

No comments:

Post a Comment