Sunday, August 11, 2013

ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနားသို့ ဘင်္ဂလာဒေခ်ျ့ မှ ရခိုင် ၈၈ မျိုးဆက်များ တက်ရောက်

88-Arakanese-student-with-Min-ko-naing
ရန်ကုန်မြို့တွင် သြဂတ်စ်လ ၆ ရက်နေ့မှ ၈ ရောက်နေ့ထိ ကျင်းပပြုလုပ်နေသော ၂၅ နှစ်မြောက် ရှစ်လေးလုံး ငွေရတုအခမ်းအနား သို့  ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေကြသော ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ အဖွဲ့ဝင် ၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် သြဂတ်စ် ၆ ရက်နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ သို့ ရောက်ရှိခဲ့သည်။ ၈၈ မျိုးဆက် ကွန်ယက်(ရခိုင်)အဖွဲ့ တာဝန်ခံလည်းဖြစ်၊ ယခင် ABSDF ( Arakan) ဥက္ကဌဟောင်းလည်း ဖြစ်သော ကိုခိုင်ဆန်းအောင်က ၂၅ နှစ် ငွေရတု အခမ်းအနားသို့ တက်ရောက်ခွင့် ရသည့် အတွက် ၀မ်းသာကြောင်း ပြောသည်။

“ ကျွန်တော်တို့က ဒီ ၈၈ အရေးတော်ပုံ တိုက်ပွဲအတွင်း ပေါက်တောမြို့နယ် ကျောင်းသား သမဂ္ဂ ဥက္ကဌ အဖြစ်နဲ့ ပါဝင်ခဲ့တယ်။ အဲဒီနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲဖို့ ရာချီတဲ့ ရခိုင်ကျောင်းသားလူငယ်တွေ ဘင်္ဂလာဒေခ်ျ့ကို ထွက်ခွာလာခဲ့ကြ တယ်။ ၂၅ နှစ်တာကာလ ကြာပြီးမှ အမိမြေကို ခြေချခွင့် ရခဲ့သလို ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွဲခဲ့တဲ့ အရေးတော် ပုံကြီး ကို ခုလို ခန်းခန်းနားနား အခုလို တရားဝင် ကျင်းပခွင့်ရလာတာကို မြင်တော့ အထူး ၀မ်းသာမိပါတယ်” ဟု ရန်ကုန်မြို့ ရှစ်လေးလုံး ငွေရတု အခမ်းအနားကို တက်ရောက်ခွင့်ရသူ သူက ဆိုသည်။
 
၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ အဖွဲ့ဝင်များသည် ဘင်္ဂလာဒေခ်ျ့- မြန်မာနယ်စပ်မြို့မှ တဆင့် မောင်တောမြို့သို့ သြဂတ်စ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့သည်။ သြဂတ်စ်လ ၆ ရက်နေ့ နံနက်ပိုင်း မောင်တောမှ ဘူးသီးတောင်၊ ဘူးသီးတောင်မှ စစ်တွေသို့ အမြန်ယာဉ်ဖြင့် ရောက်ရှိလာ ပြီး၊ ညနေပိုင်းတွင် စစ်တွေမှ ရန်ကုန်မြို့သို့ Air Mandalay လေကြောင်းဖြင့် ရောက်ရှိလာခဲ့ကြသည်။

မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့သို့ ရောက်ရှိစဉ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ခေါင်းဆောင်အချို့နှင့် ဒေသခံ လူအဖွဲ့အစည်းမှ ခေါင်းဆောင် အချို့မှ လက်ခံ ကြိုဆိုခဲ့ကြသည်။
၎င်းအဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပရေး ကော်မီတီ များက ကြိုဆိုခဲ့ပြီး အခမ်းအနား ကျင်းပရာ MCC ခမ်းမသို့ ရောက်ရှိလာစဉ် ၈၈ မျိုးဆက် ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကိုကိုကြီး၊ ဦးဌေးကြွယ်၊ ကိုမြအေးတို့မှ နွေးထွေးစွာ ကြိုဆိုကြကာ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကြသည်။

သြဂတ်စ်လ ၇ ရက်နေ့နံနက်တွင် MCC ခန်းမကြီးသို့ ရောက်ရှိလာရာ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်မှ လက်ခံတွေ့ဆုံခဲ့ပြီး ABSDF ပြခန်းရှေ့တွင် အတူတကွ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကြသည်။

ဘင်္ဂလာဒေခ်ျ့မှ ရောက်ရှိလာသော ရခိုင် ကျောင်းသားအဖွဲ့သည် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ တက်ရောက်ပြီးနောက် အစိုးရ တာဝန်ရှိသူများ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန် ရှိသူများ၊ ရခိုင်အမျိုးသား နိုင်ငံရေး ပါတီများ၊ လူမူ အဖွဲ့အစည်းများနှင့် ဆက်လက်တွေ့ဆုံသွားမည်ဟု သိရသည်။
narinjara

No comments:

Post a Comment