Thursday, August 29, 2013

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်

W-29-8
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မေလက တရားမ၀င် အလုပ်သမားများနှင့် စပ်လျဉ်း၍  စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မျိုးညွန့်)
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်သို့ ချက်ချင်းပြန်ပို့ရန် မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက စီစဉ်နေကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်မှ စတင်လုပ်ဆောင်မည့် ထိုအထူးစီမံချက်ကို မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေးဌာန၊ အမျိုးသား မှတ်ပုံတင်ဌာနနှင့် ဒေသဆိုင်ရာ ကောင်စီအဖွဲ့များ ပါဝင်မည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနက ဦးဆောင်မည်ဟု သိရသည်။
"သူတို့ မှတ်ပုံတင်ရမယ့် ကာလကို တစ်နှစ်ကျော် အချိန်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ အရေးယူ ဆောင်ရွက်ရမယ့် ကာလကို ရောက်လာပါပြီ။ ကျွန်တော်တို့ စီမံချက်ရဲ့အဓိက ပစ်မှတ်က ဂျိုဟိုးစက်မှုဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေကို ပြန်ပို့ဖို့ပဲ ဖြစ်ပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒါတွတ်အာလစ်အာမက်က မလေးရှားနိုင်ငံ The Star သတင်းစာသို့ ပြောကြားသည်။         မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သူ အများဆုံးရှိနေသည့် ကွာလာလမ်ပူ၊ ဆလန်ဂေါ၊ ပီနန်နှင့် ဂျိုဟိုးမြို့ များတွင် အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် စစ်ဆေးဖမ်းဆီးမှုများကို အဓိကလုပ်ဆောင် သွားမည်ဖြစ်ပြီး စစ်ဆေးဖမ်းဆီးပြီး ပြန်ပို့ခံရမည့် သူများတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် နီပေါနိုင်ငံသားများလည်း ပါဝင်နိုင်ကြောင်း သိရသည်။
ဖမ်းမိသူများကိုလည်း လူ ၁၀၀၀ ခန့်စီသာ ထိန်းသိမ်းထားနိုင်သည့် လူဝင်မှုကြီးကြပ်ရေးဌာန အကျဉ်းထောင် ၁၂ ခုတွင်ထားရန် နေရာမလုံလောက်သောကြောင့် ၎င်းတို့၏နေရပ်သို့ ချက်ချင်းပြန်ပို့ သွားမည်ဖြစ်ကြောင်း သိရသည်။
တရားမ၀င် အလုပ်သမားများအား ငှားရမ်းထားသည့် အလုပ်ရှင်များကိုလည်း ၂၀၁၀ ပြည့်နှစ်တွင် ဖြည့်စွက်ချက်များ ထပ်မံထည့်သွင်းခဲ့သော ၂၀၀၇ ခုနှစ် လူကုန်ကူး မှုတိုက်ဖျက်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများ ခိုးသွင်းမှုဆိုင်ရာ အက်ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ဖမ်းမိသူများအား နေရပ်သို့ အမြန်ဆုံး ပြန်ပို့နိုင်ရေးအတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသံရုံးများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု အာလစ်က ပြောကြားသည်။
စက်တင်ဘာ ၁ ရက်မှာ သူတို့ အစီအစဉ် စမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အခုချိန်ကတည်းက စပြီးဖမ်းနေပါပြီ။ သူတို့အနေနဲ့ တစ်အိမ်တက်ဆင်း ပိုက်စိပ်တိုက်ရှာပြီး ဖမ်းဖို့က လွယ်မှာမဟုတ်ပါဘူး။ သံသယရှိတဲ့ နေရာတွေ၊ သတင်းပေးခံထားရတဲ့ နေရာတွေကိုပဲ ပိတ်ဆို့ပြီး ဖမ်းဆီးမယ့်ပုံစံ ရှိပါတယ် . . . . .
ယခု စီမံချက်ဖြင့် ဖမ်းမိသူများကို တရားဝင် နေထိုင်ခွင့် ပြုလုပ်ပေးခြင်း၊ မိမိတို့ကိုယ်တိုင် နေရပ်သို့ ပြန်ခွင့်ပေးခြင်းတို့ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပြီးဆုံးခဲ့သည့် သုံးလကြာ ဆောင်ရွက်ခဲ့သော အလုပ် သမားများ မှတ်ပုံတင်ရေး အစီအစဉ်တွင် နေထိုင်ခွင့် အထောက်အထား မရှိသော နိုင်ငံခြား အလုပ်သမား နှစ်သန်းအနက် ၁ ဒသမ ၃ သန်း လာရောက် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။
ထိုစဉ်က မှတ်ပုံတင်ခဲ့ သူများအနက် လျှောက်ထားသူ ၅၀၀၀၀၀ ခန့်ကို လက်ခံခဲ့ပြီး ၃၃၀၀၀၀ ကို ၎င်းတို့၏ နိုင်ငံသို့ ပြန်ပို့ခဲ့သည်။
"သူတို့က တရားဝင် ထုတ်ဖော်ကြေညာပြီး ပြောထားတဲ့အတွက် ဒီမှာရှိနေတဲ့ လူတွေလည်း သိနေပါပြီ။ စက်တင်ဘာ ၁ ရက်မှာ သူတို့ အစီအစဉ် စမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အခုချိန်ကတည်းက စပြီးဖမ်းနေပါပြီ။ သူတို့အနေနဲ့ တစ်အိမ်တက်ဆင်း ပိုက်စိပ်တိုက်ရှာပြီး ဖမ်းဖို့က လွယ်မှာမဟုတ်ပါဘူး။ သံသယရှိတဲ့ နေရာတွေ၊ သတင်းပေးခံထားရတဲ့ နေရာတွေကိုပဲ ပိတ်ဆို့ပြီး ဖမ်းဆီးမယ့်ပုံစံ ရှိပါတယ်" ဟု မလေးရှားနိုင်ငံမှ တရားမ၀င် မြန်မာ အလုပ်သမားများ နေရပ်ပြန်နိုင်ရန် ကူညီဆောင်ရွက် ပေးနေသူ ဦးသီဟမောင်မောင်က The Daily Eleven သို့ ပြောကြားသည်။
ထို့အပြင် အဆိုပါ စီမံချက် သတင်းကြောင့် လုံခြုံရေးကို ပိုမိုဂရုစိုက်မှုအား တရားမ၀င် မြန်မာအလုပ်သမားအချို့ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
"တချို့ဆိုရင် စက်ရုံမှာ မအိပ်တော့ဘဲ လူနေအိမ်တွေကို ပြန်အိပ်တာမျိုး၊ အပြင်မထွက်တော့ ဘဲ လူနေအိမ်တွေ ထဲမှာပဲ နေထိုင်တာမျိုးတွေကို ဂရုတစိုက် နေထိုင်နေကြပါတယ်။ လက်ရှိ အချိန်မှာ မြန်မာနိုင်ငံပြန်ဖို့ C of I (မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား) ရထားပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးက ထောက်ခံချက် မရသေးတဲ့ လူတွေက လုံခြုံတဲ့ အခြေအနေ မရှိသေးဘူး။ သူတို့လည်း အဖမ်းမခံရအောင် ၀ီရိယထားပြီး နေနေရတယ်" ဟု ဦးဟီဟမောင်မောင်က ဆက်လက်ပြောကြားသည်။
တရားမ၀င် အလုပ်သမားများကို သုံးလဆက်တိုက် ဖမ်းဆီးမည့် အထူးစီမံချက်နှင့် ပတ်သက်ပြီး ပြင်ဆင်ထားမှု အခြေအနေကို သိရှိနိုင်ရန် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ၇၀၀၀၀၀ ခန့်ရှိနေပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းမှာ တရားမ၀င် အလုပ်သမားများ ဖြစ်နေကြောင်း သိရသည်။

ယခုနှစ် မေနောက်ဆုံးပတ်နှင့် ဇွန်လဆန်းပိုင်းတွင်း မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမားများ အကြမ်းဖက်ခံခဲ့ရပြီး လူသေဆုံးမှုများ ရှိခဲ့ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာအမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ခံခဲ့ရမှု ဖြစ်ပေါ်ခဲ့သည်။ မလေးရှားနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော မြန်မာအလုပ်သမားများအား အကြမ်းဖက်မှုများ၌ ကျူးလွန်ခဲ့သူများကို မလေးရှား ရဲတပ်ဖွဲ့မှ ယနေ့အချိန်အထိ စုံစမ်းဖော်ထုတ်ပေးခြင်း မရှိသေးကြောင်း သိရ သည်။

Eleven

No comments:

Post a Comment