Tuesday, August 27, 2013

ဗုဒ္ဓဂယာ လုံခြုံရေး အစိုးရ တိုက်ရိုက် ကွပ်ကဲ


ဗုဒ္ဓဘာသာဝင် ဘုရားဖူး ဧည့်သည်များ အများဆုံး သွားရောက်ကြည်ညိုရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဇူလိုင်လအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ဗုဒ္ဓဂယာ လုံခြုံရေးကို အိန္ဒိယနိုင်ငံ အစိုးရက တိုက်ရိုက် ကွပ်ကဲနေကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်အေး က ပြောကြားသည်။

မဟာဗောဓိစေတီ လုံခြုံရေးကို အိန္ဒိယရှိ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများက တာဝန်ယူခဲ့ပြီး ဗုံး ပေါက်ကွဲမှု ဖြစ်ပြီး နောက်ပိုင်း ဇူလိုင်လကုန်ပိုင်းမှ စတင်၍ အိန္ဒိယ ဗဟို အစိုးရက တိုက်ရိုက် ကွပ်ကဲကာ ဘုရားဖူး လာရောက်သော ယာဉ်များနှင့် ဧည့်သည်များကို စစ်ဆေးမှုများ တင်းကျပ် စွာ ပြုလုပ် ခဲ့သည့် အပြင် မဟာဗောဓိစေတီ ဝန်းကျင်ရှိ ဆိုင်ခန်းများကို ဖယ်ရှား ရှင်းလင်း ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အရင် ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေ ချထားတုန်းက ဝင်ချင်သလို ဝင်လို့ ရတယ် စစ်တာတွေ ဆေး တာတွေ မရှိဘူး” ဟု လက်ရှိ လုံခြုံရေး ဆောင်ရွက်မှု အခြေအနေ ပြောင်းလဲလာမှုနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။

နှစ်စဉ် အောက်တိုဘာလမှ ဧပြီလ ခရီးသွား ရာသီအတွက် ဗုဒ္ဓဂယာသို့ သွားရောက်ရန် ကြိုတင် စာရင်းပေးထားသော ဘုရားဖူး ခရီးသည် ပုံမှန်သာ ရှိပြီး လုံခြုံရေး အနေအထားကို စောင့်ကြည့်လို ကြသဖြင့် ပထမဆုံး အသုတ်တွင် အချို့ ခရီးသည်များ လိုက်ပါလိုခြင်း မရှိကြောင်း ရွှေမဟာ အပြည်ပြည် ဆိုင်ရာ ခရီးသွားလုပ်ငန်း ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်း ကော်မတီသည် လေးနှစ်ကြာ ရပ်ဆိုင်းထားသော ဗုဒ္ဓဂယာ ခရီးသွား အာမခံ ပြန်လည် ထားရှိခဲ့ပြီး ခရီးသွားရာသီ မစတင်မီတွင် မဟာဗောဓိ စေတီတော် စီမံခန့်ခွဲ မှု အဖွဲ့မှ တာဝန်ရှိသူ အချို့ကလည်း လုံခြုံရေးကိစ္စများ မည်ကဲ့သို့ ဆောင်ရွက်နေ သည်ကို လာရောက် ရှင်းပြပေးရန် စီစဉ်နေကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်း ကော်မတီမှ သိရသည်။

ကောင်းဆက်နိုင်
The Voice Weekly

No comments:

Post a Comment