Tuesday, August 27, 2013

ပဋိပက္ခ ဆက်တိုက် ဖြစ်ပွားနေမှု အသွင်ကူးပြောင်းရေး ထိခိုက်နိုင်ဟု အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံ၌ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားနေမှု သည် ပြုပြင်ပြောင်း လဲမှုများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အစဉ်တစ်စိုက် ဆောင် ရွက်နေသော မြန်မာနိုင်ငံအစိုးရအတွက်များစွာ ထိခိုက်နိုင်ပြီး အခက်အခဲများနှင့် စိုးရိမ်ဖွယ် အခြေအနေ များသို့ ဦးတည်သွားနိုင်ဖွယ်ရှိကြောင်း အမေရိကန် အစိုးရ၏ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူး ကော်မရှင်က ထုတ်ပြန် ကြေညာ လိုက်သည်။

အမေရိကန် အစိုးရအဖွဲ့ လက်အောက်ရှိ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) ၏ သြဂုတ်လအတွင်း ထုတ်ပြန်သည့် အဆိုပါ အထူး အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းခန့်မှ စ၍ ဖြစ်ပွားနေသော လူမျိုးရေးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဖြေရှင်းနိုင်ရန်အတွက် အကြံပြုချက်များပါ ယင်းအစီရင် ခံစာတွင် ဖော်ပြ ထားသည်။

ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားပါက အသွင် ကူးပြောင်းရေး လုပ်ငန်းများကို မလွဲမသွေ ထိခိုက်နိုင်ပြီး အပြောင်းအလဲ မလိုလားသူများက နိုင်ငံမတည်ငြိမ်အောင် လုပ်ဆောင်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့ လာ သုံးသပ်သူ ဒေါက်တာ တင်မောင်သန်း က ပြောကြား သည်။

“အပြောင်းအလဲမှာ မြန်မြန် ပြောင်းချင်တဲ့သူနဲ့ နှေးနှေး ပြောင်းချင်တဲ့သူ ရှိတယ်။ အခုလို ပဋိပက္ခတွေ ဆက်တိုက်ဖြစ်တော့ နှေးနှေး ပြောင်းချင်တဲ့ သူတွေဘက် အားသာသွားနိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန်အတွက် အစိုးရအနေနှင့် တည်ဆဲ ဥပဒေများအရ ကိုက်ညီသည့် ဘင်္ဂါလီများ ကို နိုင်ငံသား၊ ဧည့် နိုင်ငံသားဟူ၍ အသိအမှတ် ပြုပေးရန်၊ ပဋိပက္ခတွင်း ပါဝင်ပြစ်မှုကျူးလွန်သူများကို တရားဥပဒေအရ စစ်မှန်စွာ အရေးယူ ဆောင် ရွက်ခြင်းဖြင့် ဒေသတွင်း ပြည်သူများအကြား နားလည်မှု တည်ဆောက်ရန်တို့ကို ယင်းအစီရင် ခံစာတွင် ဖော်ပြထား သည်။

ယင်းအပြင် ပဋိပက္ခ ဖြေရှင်းရာတွင် ကျွမ်းကျင် ပိုင်နိုင်မှု ရှိစေရန် မြန်မာ့ ရဲတပ်ဖွဲ့ဝင်များကို စွမ်းရည် မြှင့်တင်ပေးရန်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ၊ အလွှာ အသီးသီးမှ ပြည်သူများ တန်းတူညီတူ မျှတစွာ အခွင့်အရေးများ ရရှိအောင် ဖန်တီးပေးခြင်းဖြင့် ပဋိပက္ခများကို ဖြေရှင်းနိုင်ကြောင်း အစီရင်ခံစာတွင် အကြံပြု ပြောကြားထားသည်။

အမေရိကန် အစိုးရအဖွဲ့က ၁၉၈၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် အက်ဥပဒေ အရ ဖွဲ့စည်းပေးထားသော USCIRF ကော်မရှင်မှ မူဝါဒရေးရာနှင့် သုတေသနဌာန ဒုတိယ ညွှန်ကြားရေးမှူး Scott Flipse သည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလအတွင်း ရောက်ရှိလာခဲ့ပြီး ပဋိပက္ခ ဒဏ်သင့်ဒေသ အသီးသီးသို့ ကိုယ်တိုင် ကွင်းဆင်း လေ့လာ သုတေသန ပြုလုပ်၍ ယင်းအစီရင်ခံစာကို ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

Mr.Scott Flipse သည် ၎င်း၏ ခရီးစဉ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မိတ္ထီလာမြို့နယ်နှင့် ချင်းပြည်နယ်တို့သို့ သွားရောက်၍ အစိုးရအရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းနှင့် တွေ့ ဆုံ ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။

သို့သော် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များသို့ သွားရောက် လေ့လာရန် အတွက် လုံခြုံရေး အခြေအနေရ မသွားနိုင်ခဲ့သော်လည်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြုလုပ်နေသော USAID နှင့် UN တို့မှ အရာရှိ များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ တွေ့ဆုံရာတွင် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုပေါင်း၍ အမေရိကန် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာအစိုးရကို တိုက်တွန်း ပြောကြားပေးရန် အချက် ကိုးချက် ထုတ်ပြန် ကြေညာ ခဲ့သည်။

ယင်းအချက်အလက်များတွင် အစိုးရအဖွဲ့က တိုင်းရင်းသား ပါတီများကို စွမ်းအင် မြှင့်တင်ရေး လေ့ကျင့် သင်တန်းများ ပေးအပ်ရန်၊ လူမျိုးရေးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများကို အမြန်ဆုံး ဖြေရှင်းပေးရန်၊ ပဋိပက္ခများတွင် ပါဝင်သူများကို ထိရောက်စွာ အရေးယူရန်၊ အောင်မြင်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင်ရန် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ စုပေါင်း ဆွေးနွေးမှုများ ပြုလုပ်ပေးရန်၊ ကချင်နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ နိုင်ငံတကာ အဖွဲ့အစည်းများ အတားအဆီး မဲ့ ထောက်ပံ့ခွင့်ပေးရန်၊ ဘာသာရေးနှင့် လူမျိုးရေး မုန်းတီးမှုများ ဖန်တီးနေ သူများကို အရေးယူ ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။

The Voice Weekly

No comments:

Post a Comment