Thursday, August 22, 2013

တက္ကသိုလ်စာမေးပွဲမေးခွန်း ရိုက်ရာတွင် သင်ကြားရေး ဆရာ၊ ဆရာမ မပါဝင်ရန် ထုတ်ပြန်

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တိုင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ စာမေးပွဲ မေးခွန်းရိုက်နှိပ်ရာ၌ သင်ကြားရေး ဆရာ၊ ဆရာမများ၊ ပါမောက္ခဌာနမှူးများ မပါ ဝင်ရန် တရားဝင် ထုတ်ပြန်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။

“တကယ်တော့ ပါမောက္ခဌာနမှူးတွေက မေးခွန်းထုတ်တဲ့ နေရာမှာပဲ ပါဝင်ရမှာ။ မေးခွန်း ရိုက်တဲ့ နေရာ မှာတော့ သူတို့မလိုတော့ဘူး။ သူတို့တွေကို ဂုဏ်တင်ပေး၊ Honor လုပ်တဲ့ သဘောပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယခင်က ပါမောက္ခချုပ်က ရွေးချယ်ပြီးသား မေးခွန်းကို ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ၊ ပါမောက္ခ ဌာန မှူးများ၊ သင်တန်းရေးရာ ဌာနမှူးနှင့် မော်ကွန်းထိန်းများက အဆိုပါမေးခွန်းရိုက်ရာတွင် ပါဝင် ကြကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ရှင်းလင်း ပြော ကြားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တိုင်းကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အကြောင်းကြားခဲ့ပြီး အချို့တက္ကသိုလ်များရှိ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

လတ်တလော တက္ကသိုလ်တိုင်း၏ စာမေးပွဲမေးခွန်းတွင် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ က မေးခွန်းနှစ်စုံစီ ထုတ်ပြီး အဆိုပါ မေးခွန်းများကို ပါမောက္ခချုပ်က ပြန်လည် ရွေးချယ်သည့်စနစ်ဖြင့် ကျင့်သုံးကြောင်း၊ စာမေးပွဲမဖြေမီ တစ်ပတ်ခန့်တွင် ပါမောက္ခချုပ်က ယင်းမေးခွန်းနှစ်စုံမှ တစ်စုံ ပြန်ရွေးကာ မေးခွန်းရိုက်သည့်နေရာသို့ ချိပ်ပိတ် ပို့ဆောင်ကြောင်းနှင့် ယင်းသို့ ရိုက်နှိပ် သည့် နေရာတွင် သင်ကြားရေး ဆရာ၊ ဆရာမများ၊ ပါမောက္ခဌာနမှူးများ ယခုရှိနေရန် မလိုတော့ကြောင်း ပညာရေး အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ဝန်ကြီးဌာန အသီးသီး လက်အောက်ရှိ တက္ကသိုလ် အားလုံးပေါင်း ၁၆၈ ကျောင်းရှိပြီး ယခုပညာသင်နှစ်တွင် အနှစ် ၂၀ နီးပါး ပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ ပထမနှစ် ဘွဲ့ကြိုသင်တန်းများကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment