Friday, August 23, 2013

အိန္ဒိယ-မြန်မာနှင့် ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းတို့မှ တစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ လက်နက်မှောင်ခို တင်သွင်းမှု အများဆုံး ပြုလုပ်နေဟုဆို

မြန်မာနိုင်ငံ အတွင်းသို့ လက်နက်မှောင်ခို တင်သွင်းမှုအများဆုံး ပြုလုပ်နေသည့် လမ်းကြောင်းများမှာ အိန္ဒိယ-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တို့ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးချုပ်စိုးမြိုင်က သြဂုတ် ၂၂ ရက်က ပြောကြားခဲ့သည်။

လက်နက်မှောင်ခို တင်သွင်းနေမှုကို အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းနှင့် ထိုင်း- မြန်မာ နယ်စပ် လမ်းကြောင်းတို့မှ ၀င်ရောက်လေ့ ရှိနေသည့်အပြင် ကမ္ဘောဒီးယား နိုင်ငံမှလည်း ၀င်ရောက်လေ့ ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးချုပ် စိုးမြိုင်က ''လက်နက်ကိုင် အဖွဲ့စည်း အချို့တွေကို အခြားအိမ်နီးချင်း နိုင်ငံတွေက လက်နက်မှောင်ခို ရောင်းချနေတာတွေ ရှိတယ်။ ဒါ့အပြင် ကမ္ဘောဒီးယား နိုင်ငံမှာ ကျန်ရှိနေတဲ့ စစ်ကျန်လက်နက်တွေကို မြန်မာနိုင်ငံ အတွင်းကို မှောင်ခိုပို့နေတာတွေလည်းရှိတယ်။ ဒါတွေကို သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့တွေ က စစ်ဆေးနေပါတယ်။ အများဆုံး လက်နက်မှောင်ခို တင်သွင်းနေတဲ့ လမ်းကြောင်းတွေ ကတော့ အိန္ဒိယ-မြန်မာ နယ်စပ် လမ်းကြောင်း နဲ့ ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းတွေ ဖြစ်ပါတယ်'' ဟု သြ ဂုတ်၂၂ ရက် နံနက်က ပြောကြားခဲ့သည်။

ယင်းသို့ လက်နက်မှောင်ခို တင်သွင်းမှု ဖြစ်စဉ်များကို စစ်ဆေးတွေ့ရှိပါက လက်နက်ဥပဒေ ပုဒ်မများဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''ကျွန်တော့် လက်ထက်မှာ အခုချိန် အထိတော့ ကြီးကြီး မားမား လက်နက်မှောင်ခို တင်သွင်းတာတွေ မရှိသေးဘူး။ မူးယစ်ဆေးဝါးနဲ့ တွဲပြီးတော့ လက်နက်တွေ မိတာတွေတော့ ရှိတယ်။ ဒါ့အပြင် လက်နက် မိတာတွေနဲ့ ဆက်စပ်ပြီးတော့ ကွင်းဆက်ဖော်ထုတ် နေတာတွေတော့ရှိပါတယ်'' ဟု သြဂုတ် ၂၂ ရက် နံနက်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ချင်းပြည်နယ် မင်းတပ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မျိုးအောင်က ''မင်းတပ်ခရိုင်မှာ အိန္ဒိယနယ်စပ်နဲ့ ထိစပ်နေတဲ့ မတူပီမြို့နယ်မှာ ရဲစခန်းခွဲနှစ်ခု ဖွင့်ထားတယ်။ အဲဒီနယ်စပ်မှာ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ၊ ဘင်္ဂါလီတွေ စတဲ့တရားမ၀င် ၀င်ရောက်တဲ့ အရာတွေအားလုံးကို ထိထိရောက်ရောက် စစ်ဆေး ဖော်ထုတ်နေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဆိုရင် မူးယစ်ဆေးဝါး ထိန်းချုပ် ဓာတုဆေးဝါးတွေကို ဖမ်းဆီးခဲ့ပါတယ်'' ဟု သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment