Wednesday, August 21, 2013

သမ္မတ၏ နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နှောင့်နှေးနေရခြင်းမှာ ၎င်း၏ လက်အောက်ငယ်သားများကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဝေဖန်

N-21-8
ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်အား တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
နိုင်ငံတော်သမ္မတ၏ နိုင်ငံပြုပြင်ရေးလုပ်ငန်းများ နှောင့်နှေးရခြင်းမှာ သမ္မတ၏ လက်အောက်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများကြောင့် ဖြစ်သည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဝေဖန်ပြောကြားသည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတက မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ရွေးချယ် တင်မြှောက်ခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်း လုပ်ဆောင်ကြရန် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ထားသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများက အထက်ညွှန်ကြားချက် မရသဖြင့် ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေး မူကြမ်း တစ်ရပ် ရေးဆွဲ ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီးနောက် ဦးသိန်းညွန့်က သတင်းထောက်များအား ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"သမ္မတကြီးကတော့ သူ့ရည်မှန်းချက်၊ သူ့စေတနာ အင်မတန် ကောင်းပါတယ်။ ဒါပေမဲ့ အဆင့်ဆင့်သော အောက်ကလူတွေကတော့ သမ္မတကြီးရဲ့ မူဝါဒတွေကို ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်နေတယ်လို့ ယူဆပါတယ်။ သမ္မတကြီးက ရိုးသားတယ်။ လုပ်ချင်စိတ် ရှိတယ်" ဟု ဦးသိန်းညွန့်က သတင်းထောက်များကို ပြောကြားသည်။
ဦးသိန်းညွန့်က နိုင်ငံတော်သမ္မတသည် အစိုးရသက်တမ်း ကျန်လပေါင်း ၃၀ တွင် လူထုဗဟိုပြုသည့် လုပ်ငန်းများနှင့် ပြည်သူလူထု အခက်အခဲများ ပြေလည်အောင်လုပ်မည်ဟု ပြောသော်လည်း လက်တွေ့ နယ်ပယ်တွင် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးများသည် ပြဿနာများ ကြုံတွေ့နေ ရဆဲဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေများတွင် မြို့နယ်၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဥပဒေက ပြဋ္ဌာန်းထားကြောင်း၊ သို့ရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို အချို့မှာ တိုင်ပင်ခြင်း၊ အသိပေးခြင်း ရှိသော်လည်း အချို့မှာ လုံးဝအသိပေး တိုင်ပင်ခြင်းမရှိကြောင်း အဆိုတင်သွင်းစဉ်က ပြောကြားသည်။
မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ၎င်းတို့အတွက် ဥပဒေတစ်ခု တိတိကျကျ မပြဋ္ဌာန်းပါက ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် အုပ်ချုပ်ရေး၊ ပြည်သူလူထု ဗဟိုပြုအုပ်ချုပ်ရေး ဖြစ်လာနိုင်ဖွယ် မရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ အရည်အချင်းများ၊ တာဝန်များကို ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် လိုအပ် လာ၍ အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

Eleven

No comments:

Post a Comment