Sunday, September 8, 2013

မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း BA-63 သေနတ်နှင့် ကျည်ဆန်များတွေ့ရှိ

H-8-9
မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း တွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များအား စစ်ဆေးမှု ပြုလုပ်နေစဉ်
စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြိတ်မြို့၊ ရေနံမြေနှင့် နောက်လယ်ကြားရှိ ဘုရားကိုင်ချောင်းထဲတွင် BA-63 သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ရကြောင်း သိရသည်။
မြိတ်တောင်နယ်၊ မြို့သစ် ၁ ရပ် ရွှေနှင်းဆီလမ်းနေ မောင်စိုးနိုင်အသက် ၁၆ နှစ်(ဘ) ဦးဝယ်မှ နံနက်ပိုင်း ဒီရေကျချိန် တံတားအောက်တွင် ပလပ်စတစ်အိတ်များ၊ သံတိုသံစများ လိုက်လံကောက်ရာတွင် ပလစ် စတစ်အိတ် အဟောင်းဖြင့် ထုပ်ထားသော လက်နက်များနှင့် ကျည်ဆန်များကို တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"နံနက် ၆ နာရီကျော်လောက်မှာ တွေ့တာ။ ပလပ်စတစ်အိတ်နှင့်ထုပ်ပြီး လာပစ်ထားတဲ့ ပုံစံပဲ။ မကြာခင်မှာ ရဲတွေရောက်လာပြီး လာသိမ်းသွားတာ တွေ့ရတယ်။ ဒီချောင်းက ပင်လယ်ထဲကို စီးထွက်နေတဲ့ ချောင်းတစ်ခု ဖြစ်ပါတယ်" ဟု ရေနံမြေရပ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ချောင်းအတွင်း တွေ့ရှိခဲ့ရသည့် သေနတ်နှင့် ကျည်ဆန်များမှာ BA-63 မောင်းပြန်ရိုင်ဖယ်၊ G-3 (သေနတ်ဒင် မပါ) မောင်းတုံးစပရင်ပါသော ကိုယ်ထည်တစ်ခု၊ ကျည်ဘောက် ၆ ခု၊ ၇.၆၂ ကျည် ၂၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၁ ခု၊ G-3 သေနတ်လက်ကိုင်တစ်ခု၊ သေနတ်ဒင်ပိတ် တစ်ခုနှင့် ၉ မမကျည်အတောင့် ၂၀ ဖြစ်ကြောင်း သိရသည်။
"လာပစ်သွားတာလား ဒါမှမဟုတ် လာသိမ်းထားပြီး ရေတိုးအားကြောင့် အိတ်ပြဲပြီး လူတွေတွေ့ သွားတာ လားတော့ မသိဘူး။ အခုတွေ့ရတဲ့ BA-63 သေနတ်ဆိုတာ အရင်က စစ်တပ်မှာ အသုံးပြုခဲ့တဲ့ သေနတ်တွေပဲ။ ၉ မမကျည်တွေကလည်း အရာရှိတွေ အသုံးပြုတဲ့ သေနတ်ကျည်တွေဖြစ်တယ် BA-63 သေနတ်တွေကတော့ အခုခေတ်မှာ မသုံးကြတော့ဘူး" ဟု ရေကြောင်းလူငယ် စစ်သင်တန်း တက်ဖူးသူ တစ်ဦးက ပြောကြားသည်။
ပိုင်ရှင်မဲ့ ယခုတွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် အမှတ် ၃၄၂ စက်လက်နက်ပစ္စည်းတပ်သို့ ပေးပို့အပ်နှံထားကြောင်း သိရသည်။

Eleven

No comments:

Post a Comment