ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများနှင့် ရေလယ်ကျွန်း ကျေးရွာတွင် မြစ်ရေ ကြီး မှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက် အချို့တွင်လည်း မြစ်ရေ ၀င်ရောက် လာခြင်းကြောင့် ရေလွတ်ရာနေရာများ သို့ရွှေ့ပြောင်းနေကြကြောင်း သိရသည်။
မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသော ပခုက္ကူမြို့နယ်တွင်း ရေ လယ်ကျွန်း ကျေးရွာ များဖြစ်သည့် ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ ဗွက်ကုန်းကျေးရွာများတွင် အသုံးအဆောင် ပစ္စည်းများ၊ ကျွဲ၊ နွား များအား ရေလွတ်ရာ အမြင့်ပိုင်းများသို့ ရွှေ့ပြောင်းစဉ် ရေနစ်သေဆုံးမှု များ လည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
"ပြီးခဲ့တဲ့ ငါးရက်ကတည်းက မြစ်ရေက ဆက်တိုက်တက်လာပြီး ရွာထဲဝင်လာတယ်။ ရေက တအား များနေတော့ နွားတွေရော အသုံးအဆောင် ပစ္စည်းတွေရော အမြင့်ပိုင်းတွေ ရွှေ့ထားရတယ်။ ကျွဲတွေ နွားတွေကို ရေ၀င်နေရာတွေကနေ အမြင့်ပိုင်းတွေကိုရွှေ့တုန်း ရေနစ်သေတာတွေလည်း ရှိတယ်။ မနေ့ကကိုပဲ ဗွက်ကုန်းက ကလေးတစ်ယောက် ကျွဲကိုရေလွတ်တာ သွားပို့ရင်း ရေနစ်သေသွားတယ်" ဟု မြစ်ရေကြီးမှုနှင့် ကြုံတွေ့နေရသည့် ပခုက္ကူ ကျွန်းကျေးရွာမှ ဦးမျိုးမြင့်က ပြောသည်။ ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ရွှေချောင်းကျွန်း၊ အေးကျွန်းကျေးရွာ များတွင် နေထိုင်သူ များမှာလည်း ရေလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကျေးရွာရွှေ့ပြောင်းမှုနှင့် ကြုံတွေ့နေရသည့် သိမ်ကုန်း၊ မရိုးကုန်း၊ မြင်းကျွန်း၊ ထနှောင်းကုန်း ကျေးရွာများ တွင်လည်း မြစ်ရေကြီး မှုကြောင့် ရေကြီးရေ လျှံမှုများနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။

Eleven media Group
No comments:
Post a Comment