Monday, September 2, 2013

နိုင်ငံတော်ပိုင်မြေကို တလွဲသုံးသည့် နိုင်ငံရေးပါတီကို ဖျက်သိမ်းသည်အထိ အရေးယူနိုင်ဟုဆို

နိုင်ငံတော်ပိုင်မြေကို ပုဂ္ဂလိကပိုင် ပစ္စည်းအဖြစ် တလွဲအသုံးပြုသည့် နိုင်ငံရေးပါတီကို ပါတီဖျက်သိမ်း သည်အထိ အရေးယူနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်သည့် တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံနှင့် အားကစားကွင်း မြေနေရာကို ကြံ့ခိုင်ရေးပါတီက ရန်နိုင်ဆောက်လုပ်ရေး ကုမ္ပဏီအား ကွန်ဒိုတိုက်ခန်း ဆောက်လုပ်ခွင့် ပြုထားသောကြောင့် အဆိုပါပန်းခြံနှင့် အားကစားကွင်းမြေနေရာ ပြန်လည် ရရှိရေးအတွက် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

နိုင်ငံတော်ပိုင် မြေနေရာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူအသုံးပြုသည့် အဖွဲ့အစည်း ဖြစ်ကြောင်း တွေ့ရှိပါကလည်း နိုင်ငံရေးပါတီ ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) (၅) အရ ပါတီဖျက်သိမ်းသည်အထိ ရွေးကောက်ပွဲကော်မရှင်က အရေးယူနိုင်ကြောင်း ၎င်းကပြော ကြား သည်။ 

အဆိုပါ မြေနေရာ ပြန်လည် ရရှိရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ထံ စာချွန်တော်လွှာ လျှောက်ထားမည် ဖြစ်ကြောင်း ဦးရောဘတ်ဆန်းအောင်က ဆိုသည်။ 

အဆိုပါ မြေနေရာကို ယခင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ရုံးတည်ဆောက်ရန် အတွက် နှစ် ၆၀ ဂရန် ရရှိထားပြီး ပါတီရုံး မဆောက်လုပ်နိုင်သဖြင့် ရန်နိုင်ကုမ္ပဏီကို ငှားရမ်းပေးထားကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ယင်းကုမ္ပဏီက ကွန်ဒိုတိုက်ခန်း ဆောက်လုပ်ခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံတော်ပိုင် မြေနေရာကို ပါတီပိုင်အဖြစ် ပြုလုပ်ထားခြင်းမှာ ပါတီတစ်ခုက အခွင့်ထူးခံစားရာ ရောက်ကြောင်း၊ ယင်းသို့အခွင့်ထူးခံပါတီများ ရှိနေပါက ပါတီစုံ ဒီမိုကရေစနစ် အောင်မြင်မည် မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဆိုသည်။

အဆိုပါမြေနေရာအား ပြန်လည် ပေးအပ်ရန်နှင့် အစိုးရအဖွဲ့၏ မှားယွင်းလုပ်ဆောင်မှုများကို ထောက်ပြရန် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် အပါ အဝင် မြို့ခံ ၁၀ ဦးက သြဂုတ်လ ၁၈ ရက်နေ့က မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းမြေနေရာကို ပုဂ္ဂလိကသို့ ပေးအပ်ထားသော ဂရန်ကို ပယ်ဖျက်ပေးပြီး အများပိုင်နေရာအဖြစ် ပြန် လည်ပေးအပ်ရန် အစီအစဉ်ရှိ မရှိကို ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ပုဂ္ဂလိက အမည်ပေါက် မဟုတ်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ နှစ် ၆၀ စာချုပ် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ဖြေကြားထားသည်။

ဟိန်းသွင်ထက်

The Voice Weekly

No comments:

Post a Comment