Friday, September 6, 2013

တစ်နှစ်ကျော်ကြာ သိန်း ၁၅၀၀ လာမထုတ်သည့် ထီကံထူးရှင်ရှိနေ

တစ်နှစ်ကြာသည်အထိ လာမထုတ်သော ကျပ်သိန်း ၁၅၀၀ ထီပေါက်သည့် ကံထူးရှင်ရှိနေပြီး ၎င်းမှာပြီးခဲ့သည့် နှစ် စက်တင်ဘာလတွင် ပေါက်ခဲ့သည့် ထီနံပါတ်ဖြစ်ကာ တစ်နှစ်ကြာ ယခုလကုန်အထိ လာရောက် ထုတ်ယူ မှု မရှိပါက ယင်းငွေကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းမည်ဖြစ်သည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမ ကိုပြော သည်။

အောင်ဘာလေသိန်းဆု ပေါက်စဉ် ကြေညာသည့်ရက်မှ တစ်နှစ်အတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်သည်။ အဆိုပါ ကျပ်သိန်း ၁၅၀၀ အထူးဆုကြီးကို ယခု စက်တင်ဘာလ အတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက အောက်တိုဘာလတွင် ဘဏ္ဍာငွေအဖြစ် သိမ်းယူ သွားမည်ဖြစ်သည်။

အောင်ဘာလေသိန်းဆု ဌာနခွဲမှအကြီးတန်းအရာရှိတစ်ဦးက “တချို့ကထီထိုးပြီး ထီစာရွက်ပျောက်သွားတာ။ လိပ်စာသချာမပေး တာ။ ဖုန်းနံပါတ်မှန်ကန်မှု မရှိတာကြောင့် ဖြစ်တယ်။ ထီဆိုင်တွေ ကလည်း ထီပေါက်တဲ့ သူတွေ ကို လှုံ့ဆော်မှု အားနည်းတာလည်း ပါတယ်” ဟုပြောသည်။

ထီပေါက်ပြီး ဆုငွေထုတ်ယူမည့်သူများ လိုက်နာရမည့် စည်ကမ်းများမှာ ဆုလက်မှတ်တင်ပြနိုင်မှသာလျှင် ဆုငွေ ထုတ်ယူခွင့်ရှိခြင်း၊ တင်ပြတောင်းခံသော ဆုလက်မှတ်၏ အက္ခရာနှင့်ဂဏန်းတို့ တစ်ဆက်တစ်စပ် တည်းမရှိဘဲ ပိုင်းပြတ်ဆုတ်ပြဲနေပါက ဆုငွေထုတ်ပေးမည်မဟုတ်ပါ။

အက္ခရာနှင့်ဂဏန်းများတွင်ပြင်ရာ၊ ဖျက်ရာတွေ့ရှိလျှင်လည်း ဆုငွေထုတ်ပေးခြင်းကို အောင်ဘာလေသိန်း ဆုဌာနခွဲမှငင်းပယ်ခွင့်ရှိသည်။ ထီလက်မှတ် ၀ယ်ယူကြောင်း၊ ပိုင်ဆိုင်ကြောင်း၊ ပျောက်ဆုံးကြောင်း တို့ နှင့်စပ်လျဉ်းသော အချက်များ၊ အငြင်းပွားခြင်းများ၊ ကန့်ကွက်ခြင်းများ စသည်တို့ကို အောင်ဘာလေသိန်း ဆုဌာနခွဲမှလက်ခံ စဉ်းစားမည်မဟုတ်ဘဲ ထီလက်မှတ်မပြနိုင်ပါက ဆုငွေထုတ်ပေးမည်မဟုတ်ဟုလည်း ယင်းဌာနမှသိရသည်။

ဆုရလက်မှတ် တင်ပြသူကိုသာလျှင် ဆုငွေရထိုက်သည်ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ အသိအမှတ်ပြု မည် ဖြစ်သည်။

ထီလက်မှတ်ပျောက်၍ ဆုငွေမရရှိသည့် ဖြစ်ရပ်နှင့် ကြုံတွေ့ဖူးသူ မင်းဘူးမြို့နယ်မှကိုနိုင်လင်းက “ ကျွန်တော် တို့ မိသားစုမှာ ၂၅ သိန်းဆုအောင်ဘာလေထီပေါက်ဖူးပါတယ်။ ဒါပေမဲ့ ရန်ကုန်ကနေ နယ်ဘက်ကို အပြောင်းအရွှေ့ ကာလမှာ ထီလက်မှတ် ပျောက်သွားတဲ့အတွက် ဆုငွေမရရှိခဲ့ပါဘူး။ထီထိုးတဲ့ထီဆိုင်ကလည်း ထီပေါက်ကြောင်း လာအကြောင်းကြားပေမယ့် လက်မှတ်မပြနိုင်တဲ့အတွက် ဆုငွေထုတ်လို့မရခဲ့ပါဘူး။ ထီပေါက်ပေမယ့် ဆုငွေနဲ့ လွဲခဲ့ရတယ်” ဟု သူ၏ အတွေ့အကြုံကို ပြောသည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ သားကောင်းရတနာထီဆိုင်မှ ပိုင်ရှင်တစ်ဦးက “ဦးတို့ဆိုင်က မှန်ကန်တဲ့ လိပ်စာပေးရင် အကြောင်းကြားပေးပါတယ်။ နီးနီးနားနားဆို လူကိုယ်တိုင် သွားပြောပေးပါတယ်။ ပေါက်တဲ့သူရှိဆိုရင် လိပ်စာမပေးထားလို့အ ကြောင်းကြားလို့မရတာလဲရှိတယ်။ ၁၅၀၀ ဆုကို ဘဏ္ဍာငွေ အဖြစ် မသိမ်းဘဲဆုငွေ အဖြစ်ပြန်ပေးရင် အများကံစမ်းမယ့် ပြည် သူလူထုမှာ ပိုအကျိုးရှိမယ်လို့ထင်ပါ တယ်” ဟုပြောသည်။

လာရောက်ထုတ်ယူခြင်းမရှိသည့် အောင်ဘာလေ ထီဆုများမှ ကျပ်တစ်သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ အများဆုံးဖစ်သည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
Mizzima

No comments:

Post a Comment