Tuesday, September 3, 2013

ဖက်ဒရယ် မရပါက ငြိမ်းချမ်းရေးအတွက် အခက်အခဲ ဖြစ်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း တောင်ကြီးမြို့တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်ပြောကြား

8.1.1
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဒေသခံများနှင့် တွေ့ဆုံပွဲကို စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီခွဲအထိ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စု လွှတ်တော်နာယကမှ အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ရှမ်းပြည်နယ် နယ်မြေဒေသ အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရေးရာ ကိစ္စရပ်များကို တင်ပြပြီး တက်ရောက် လာသူများမှ တင်ပြရန် ရှိသည်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်တဲ့ အခါမှာ လွှတ်တော်ဥက္ကဋ္ဌချင်း ညှိနှိုင်းတာကောင်းတယ်။ ဒီနေ့အသံကျယ်နေတဲ့ ဖက်ဒရယ် မရဘူးဆိုရင် ငြိမ်းချမ်းရေးအတွက် အခက်အခဲဖြစ်မယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် အခက်အခဲရှိမယ်။ ဒီစကားတွေဟာ ထိုက်သင့်သလောက် မှန်တဲ့အတွက် သုံးသပ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လွှတ်တော်တစ်ခုတည်း လွှဲမထားပါနဲ့။ ပြည်သူတွေပါ အားလုံးပါဝင်ဖို့ လိုအပ်ပါတယ်။ ၀န်ကြီးဌာန ပုဂ္ဂိုလ်တွေအားလုံးလိုလို ခေါ်ခဲ့ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးအတွက် တိုင်းပြည်တစ်ပြည်မှာ တပ်မတော် တစ်ခုတည်း ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ယူနီယံအာမီ တပ်မတော်တစ်ခုတည်း ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်မှာ တပ်မတော်တစ်ခုစီ ဘယ်နိုင်ငံမှာမှ ထောင်လို့မရပါဘူး'' ဟု ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကြီးစု အမျိုးသမီး ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အေးသာယာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ဘုရားဖြူ သူငယ်တော် ယေဇူးကျောင်း မသန်မစွမ်း မိဘမဲ့ဂေဟာ၊ စိန်ပန်းရပ်ကွက် ငြိမ်းချမ်းရေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေး အဖွဲ့စသည့် လူမှုရေး အသင်းအဖွဲ့များသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော်နာယကနှင့်ဇနီး၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ဆင်ရေးအထူး အဖွဲ့မှူး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စု ၀န်ကြီးဌာနမှ ၀န်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ဥပဒေချုပ်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအိုဝ်း၊ ဓနု)ဥက္ကဋ္ဌများ၊ ပြည်နယ်အတွင်း ရေးမှူး၊ ခရိုင်၊မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

Eleven

No comments:

Post a Comment