Thursday, September 12, 2013

ကုန်းတွင်းပိုင်းမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှု တားဆီး ထိန်းချုပ်ရေး ဆောင်ရွက်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက မန္တလေး မြို့တွင်းသို့ ကုန်းတွင်းပိုင်းမှ တရားမဝင် ဝင်ရောက်လာမည့် ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်ရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့က မန္တလေးတိုင်း ဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူးရုံးခန်း အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးသူနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အသင်းအဖွဲ့များ တက်ရောက်ကြပြီး စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းက တရားမဝင် ကုန်ပစ္စည်းများ တားဆီး ထိန်းချုပ်ရေး ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းကာ တက်ရောက် လာသူများက ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။

မန္တလေးတိုင်း ဒေသကြီး လှုပ်ရှား ရှာဖွေတားဆီးရေး အဖွဲ့သည် မန္တလေး ဗဟိုပြု ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီး၊ မန္တလေး- မုံရွာ- ကလေး-တမူး လမ်းမကြီး၊ မန္တလေး ဘူတာကြီး၊ အဝေးပြေး ယာဉ်ရပ်နားစခန်း စသည့် နေရာများတွင် တရားမဝင် ကုန်စည် စီးဆင်းမှု ရှိ၊ မရှိတို့ကို အဓိကထား စစ်ဆေးမည် ဖြစ်ကြောင်းနှင့် Mobile Team အဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အကောက်ခွန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းကာ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှု ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment