Tuesday, September 3, 2013

လောင်းကစားဆန်ဆန် အကြွေစေ့ဂိမ်းစက်များ ကျောင်းသား လူငယ် များကြားတွင် ခေတ်စားလာ

အကြွေစေ့ဂိမ်း ဟုလူသိများသော လောင်းကစားဆန်ဆန် ကွန်ပြူတာဂိမ်းဆိုင်များ အောင်လံမြို့တွင် ဖွင့်လှစ် မှု များပြားလာပြီး ၎င်းစက်ဖြင့် ဆော့ကစားကြသူများ အောင်လံမြို့တွင်များပြားလာနေကြောင်း သိရသည်။

“လူလတ်ပိုင်းတွေတင် မကတော့ဘူး။ ကိုးတန်း၊ ဆယ်တန်းကျောင်းသားတွေတောင် အဲဒီဂိမ်းဆိုင်တွေမှာ သွားသွား ဆော့နေကြတာ တွေ့နေရတယ်။ ငွေငါးထောင်လောက်ကတော့ ခဏပဲ”ဟု အဆိုပါဂိမ်းဆိုင်သို့ ရောက်ခဲ့ဖူးသူ တစ်ဦးက ပြောသည်။

အထက်ပါစက်၌ပါသော တိရိစ္ဆာန်ပုံ အကောင်လေးများအား ရွေးချယ်ပေးရခြင်းဖြစ်ပြီး ကိုယ်ရွေးချယ် ထားသော အကောင်လေး ကျပါက အဆအလိုက် အလျှော်ရရှိသော လောင်းကစားဆန်ဆန်
ကစားရသော စက်တစ်မျိုးဖြစ်ကြောင်းလည်း မြို့ခံတစ်ဦးက ပြောသည်။

“တရားဝင်လား၊ တရားမ၀င်လားတော့ မသိပါဘူး။ ဒါပေမဲ့ ဒီစက်က လောင်းကစားနည်း တစ်မျိုးပါပဲ။ တစ်မြို့လုံးမှာ သုံးလေးဆိုင်လောက်တော့ ရှိတယ်။ နေ့ညဖွင့်တာ”ဟု အခြားမြို့ခံ တစ်ဦးက ပြောသည်။
ထိုဆိုင်များသို့ လူလတ်ပိုင်းများသာမက ကျောင်းသားအရွယ်လူငယ်များပါ လာရောက်ဆော့ ကစားနေကြသောကြောင့် လူငယ်များ၏ စာရိတ္တများ ပျက်စီးလာမှာကို စိုးရိမ်ရကြောင်း ကျောင်းသားမိဘ
တစ်ဦးက ပြောသည်။

လွန်ခဲ့သော နှစ်များကလည်း အထက်ပါ စက်ကဲ့သို့ပင် အကြွေစေ့များထည့်၍ ကစားရသောဆိုင်များ အောင်လံမြို့၌ ဖွင့်လှစ်ခဲ့ဖူးပြီး သက်ဆိုင်ရာမှ တရားမ၀င်ဟုဆိုကာ ပိတ်သိမ်းအရေးယူခဲ့သော
ဖြစ်စဉ်များ ဖြစ်ခဲ့ကြောင်းလည်း သိရသည်။

လင်းသက်

မြန်မာ့ခေတ်

No comments:

Post a Comment