Monday, September 2, 2013

ကမ္ဘောဒီးယား အတိုက်အခံပါတီက ဆန္ဒပြမှုကြီး ပြုလုပ်ရန် စီစဉ်နေစဉ် ရဲတပ်ဖွဲ့ အထူးလေ့ကျင့်မှု ပြုလုပ်လျက်ရှိ

ကမ္ဘောဒီးယား အတိုက်အခံပါတီက ဆန္ဒပြမှုကြီး ပြုလုပ်ရန် စီစဉ်နေစဉ် ရဲတပ်ဖွဲ့ အထူးလေ့ကျင့်မှု ပြုလုပ်လျက်ရှိ
ကမ္ဘောဒီးယား အတိုက်အခံ အမျိုးသား ကယ်တင်ရေး ပါတီသည် ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်သည့် အနေဖြင့် စက်တင်ဘာ ၇ ရက်တွင် ဖနွမ်းပင်မြို့ရှိ Diamond IslandCenter၌ ဆန္ဒပြမှုပြုလုပ်ရန် စီစဉ် ထားသောကြောင့် အဓိကရုဏ်းနှိမ်နင်း ရေးရဲတပ်ဖွဲ့က အဆိုပါ နေရာတွင် တစ်ရက်ကြာ အထူးလေ့ကျင့်မှု တစ်ရပ်အား စက်တင်ဘာ ၁ ရက်တွင် လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
လေ့ကျင့်မှုတွင် မီးသတ်ကားဒါဇင် ပေါင်းများစွာနှင့် ဒိုင်းများ၊ ရော်ဘာတုတ်များနှင့် ဖိုက်ဘာဦးထုပ်များ ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင် ၂ဝဝဝ ခန့်ပါဝင် လေ့ကျင့်ခဲ့ကြောင်း၊  ဖနွမ်းပင်မြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ချူအွန်ဆိုဗန်က  ပြောကြားခဲ့သည်။ ဆန္ဒပြမှုသည် လူ့အခွင့်အရေးတစ်ရပ် ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာဖြင့်  ဆန္ဒပြမှု ပြုလုပ်မည်ဆိုလျှင် ၎င်းဆန္ဒပြသမားများကို အကာအကွယ်ပေးရမည် ဖြစ်ပြီး အကြမ်းဖက် ဆန္ဒပြမှုများ ပြုလုပ်လာမည် ဆိုလျှင် အကြမ်းဖက်မှုများ ပျံ့နှံ့ပေါ် ပေါက်မှု မရှိစေရေးအတွက် ဒေသန္တရ အမိန့်များထုတ်ပြန်၍ တားဆီးသွား ရမည် ဖြစ်ကြောင်း  ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား အာဏာရပါတီ အနေဖြင့် ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲတွင် မဲလိမ်လည်မှုများ ရှိခဲ့သည် ဟူသော ကိစ္စရပ်အား ဖြေရှင်းပေးရေးအတွက် သီးခြား ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အတိုက်အခံ အမျိုးသား ကယ်တင်ရေး ပါတီနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ခြင်း မပြုလျှင် စက်တင်ဘာ ၇ ရက်တွင် အကြီးစား ဆန္ဒပြမှုတစ်ရပ် ပြုလုပ်မည်ဟု အတိုက်အခံ ခေါင်းဆောင် ဆမ်ရိုင်ဆီက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် အဆိုပါ လေ့ကျင့်မှု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment