Monday, September 30, 2013

အရက်ချက်စက်ရုံတစ်ခုမှ စွန့်ပစ်သည့် ရေဆိုးပြဿနာကို ဒေသခံများ ခံစားနေရ

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွှေညောင်မြို့နယ် တောင်လေးလုံးကျေးရွာအုပ်စု၊ ဖက်နမ်ကျေးရွာအနီး တည်ရှိသည့် ကျားမင်းကြီး အရက်ချက်စက်ရုံမှ ထွက်ရှိသည့် ရေဆိုးရေညစ်များ၊ အနံ့အသက်များနှင့် ပတ်သက်သည့် ပြဿနာများ ကို ဒေသခံများ ခံစားနေရကြောင်း ဒေသခံများနှင့် ဖက်နမ်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးလှမောင်က စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။

အဆိုပါအရက်ချက်စက်ရုံမှ ထွက်လာသော ရေဆိုးရေညစ်များသည် လယ်မြေများအတွင်းစိမ့်ဝင်ရောက် ရှိလာသောကြောင့် လယ်စိုက်တောင်သူများ အဆင်မပြေဖြစ်သည်ဟုလည်း လယ်စိုက်တောင်သူများက မဇ္ဈိမကို ပြောသည်။ ယင်းစက်ရုံမှာ ၂၀၁၀ ခုနှစ်ကပင် လုပ်ကိုင်လာခြင်းဖြစ်သည်။

ဖက်နမ်ကျေးရွာနေ လယ်စိုက်တောင်သူ ဦးကျော်ငြိမ်းက “သူတို့ အညစ်အကြေးစွန့် သိုလှောင်ကန်တွေက တူးထားတာဖြစ်တော့ ကျွန်တော်တို့ လယ်မြေတွေကို စိမ့်ပြီးတော့ ၀င်ရောက်နေပါတယ်။ သီးနှံပင် တွေမှာ လည်း အဲသည်စက်ရုံကထွက်တဲ့ အပုတ်နံ့တွေကြောင့် ယင်ကောင်တွေများပြီး ဆေးတွေ ပိုသုံး စွဲနေရတယ်၊ အနံ့အသက် နံလို့ လူငှားခေါ်လို့ မရတော့ဘူး၊ တောင်သူတွေ ကုန်ကျစရိတ် ပိုများနေပါ တယ်”ဟု မဇ္ဈိမကို ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး စက်ရုံအနီးနားတွင်ရှိသော တောင်ခြေ၊ ရေနွေး၊ ဖက်နမ်၊ သာသနာပုန်း ၊ကုန်းလော၊ ကုန်းမို့ကျေးရွာများမှ ကျေးရွာသူ/သား စုစုပေါင်း ၃၅၀ ကျော် လက်မှတ်ထိုး၍ စက်တင်ဘာ ၇ ရက်က တောင်ကြီးခရိုင် NLD ရုံးသို့ အကူအညီတောင်းခံထားသည်ဟု လည်း ဒေသခံ များက ပြောသည်။

စက်ရုံနှင့်အနီးဆုံးနေရာတွင် လယ်မြေရှိသူ ဖက်နမ်ကျေးရွာနေ လယ်ဧကလေးဧကပိုင်ဆိုင်သည့် လယ်စိုက်တောင်သူ ဦးဧမောင်က “ကျွန်တော့်ခြံက စက်ရုံနဲ့အနီးဆုံးနေရာမှာ ရှိနေတယ်။ စက်ရုံက စွန့်ပစ်ရေဆိုးတွေက စိမ့်ပြီးတော့ လယ်မြေတွေထဲ ရောက်လာတယ်။ လောလောဆယ် ပျက်စီးဆုံးရှုံးတာ မျိုးတော့ မကြုံသေးဘူး။ အရက်ချက်စက်ရုံကို ပိတ်ပြီးတော့ သီးနှံအခြောက်ခံ စက်ရုံလိုမျိုး တောင်သူ အကျိုးပြုစက်ရုံ ဖြစ်စေချင်တယ်”ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တောင်ကြီးခရိုင် NLD မှ ဥက္ကဋ္ဌက စက်ရုံတာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး စက်ရုံဘက်မှ ပြေလည်အောင် ဆောင်ရွက်ပေး မည်ဟု ပြောဆိုကြောင်း ကိုလည်း တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက “သူတို့ဘက်ကလည်း ကျေးရွာသူရွာသားတွေ ခံစားနေရတာတွေအတွက် ပြေလည်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ကျွန်တော့်ကို စက်ရုံတာဝန်ခံ က ပြန် လည် ပြောဆိုလာပါတယ်”ဟု ပြောသည်။

စက်ရုံတွင် စွန့်ပစ်ကန်လေးကန် ထားရှိထားပြီး လက်ရှိပြဿနာနှင့် ပတ်သက်၍ ဒေသခံများကို ပြေ လည်အောင်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်ဟု ကျားမင်းကြီးစက်ရုံမှ တာဝန်ခံဖြစ်သူ ကိုပြည့်ဖြိုးမောင် ကလည်း မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားသည်။

၎င်းက“လယ်မြေတွေကို ၀င်ရောက်တယ်ဆိုတဲ့နေရာမှာလည်း တိုက်ရိုက်ဝင်တာမဟုတ်ပါဘူး။ မြေသား အနေအထား အရ စိမ့်ဝင်ခြင်းသာဖြစ်တယ်။ ဒေသခံတွေ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု ဆိုသည်။

အဆိုပါစက်ရုံသည် ၉၇ ဧကကျယ်ဝန်းပြီး၂၀၁၀ ခုနှစ်က စတင် တည်ထောင်ခဲ့သည်။ ရာသီချိန်ဖြစ်သည့် ဇန်န၀ါရီလမှ ဇွန်လထိ စက်ရုံလည်ပတ်ချိန်တွင် အရက်ဆီကုန်ကြမ်း တစ်နေ့လျှင် ဂါလံ ၂၀၀၀ ၀န်းကျင် ထုတ်လုပ်နေသည်။

Mizzima - News in Burmese

No comments:

Post a Comment