Monday, September 2, 2013

လာမည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံတွင် အလွန်အမင်း ချမ်းသာသူ များစွာတိုးပွားလာနိုင်ပြီး နိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှု ဆက်လက်မြင့်မားနိုင်ခြေ ရှိနေ

O-2-9
ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး ရပ်ကွက်တစ်ခု မြင်ကွင်းအား တွေ့ရစဉ် (ကြည်နိုင်)
လာမည့် ဆယ်နှစ်အတွင်း မြန်မာနိုင်ငံတွင် အလွန်အမင်း ချမ်းသာကြွယ်ဝသူဦးရေ ခြောက်ဆအထိ တိုး လာနိုင်သော်လည်း မြန်မာနိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှုမှာ ဆက်လက်မြင့်မားနိုင်ခြေ ရှိနေသည်ဟု စီးပွားရေး လေ့လာသူများက သုံးသပ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တစ်ဦးချင်း အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ပိုင်ဆိုင်သူ ဦးရေမှာ ၄၀ ဦးသာ ရှိသော်လည်း ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အလွန်အမင်း ချမ်းသာသူ ၆၈၇ ရာခိုင်နှုန်းအထိ တိုးတက် လာပြီး ပမာဏအားဖြင့် လက်ရှိရှိနေသည့် ၄၀ ဦးမှ ၃၀၇ ဦးအထိ တိုးတက်လာမည်ဟု Wealth-X ပိုင်ဆိုင်မှု ဓနဥစ္စာ ထောက်လှမ်းရေး ကုမ္ပဏီက ထုတ်ပြန်သည့် ကမ္ဘာ့အလွန်အမင်း ကြွယ်ဝမှု အစီရင်ခံ စာတွင် ထည့်သွင်းဖော်ပြထားသည်။
ထိုသို့ ချမ်းသာကြွယ်ဝသူဦးရေ တိုးတက်နိုင်ခြေမှာ အာရှဒေသတွင် အများဆုံး ဖြစ်နေကြောင်းလည်း သိရ သည်။
မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့နိုင်ငံကြီးများက စီးပွားရေး အလား အလာကောင်းများ စုဝေးရာ အာရှ၏ နောက်ဆုံးမြေရိုင်းအဖြစ် သတ်မှတ်ထားကြပြီး ဖွံ့ဖြိုးဆဲ ဈေးကွက်တွင် ဟိုတယ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သစ်အချောထည် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများကလည်း ချမ်းသာသူများကို ပိုမိုကြွယ်ဝ ချမ်းသာလာစေမည်ဟု သိရသည်။
ထိုသို့ ချမ်းသာသူများက ပိုမိုချမ်းသာ လာနိုင်သော်လည်း ၀င်ငွေခွဲဝေမှု မညီမျှမှုကြောင့် မြန်မာနိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းမှာ ဆက်လက်မြင့်တက်နိုင်ခြေ ရှိနေဆဲဖြစ်သည်။
"မြန်မာနိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုက ခုအချိန်မှာဆို ကမ္ဘာ့အမြင့်ဆုံး အခြေအနေလောက် ဖြစ်နေပါ တယ်။ ဆက်လက်ပြီး ကွာဟနိုင်ခြေ ရှိမရှိက နိုင်ငံရဲ့ ၀င်ငွေခွဲဝေမှု မူဝါဒအပေါ် မူတည်နေပါတယ်။ နိုင်ငံ့သဘာဝ သယံဇာတတွေဖြစ်တဲ့ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ထုတ်ရောင်းတဲ့ စီးပွားရေးအဖြစ်ပဲ ဆက်လက်ရှိနေမယ်ဆိုရင် ဆင်းရဲချမ်းသာ ကွာဟမှုက ဆက်ပြီးကွာဟ နေမှာပါ။ နောက်တစ်ချက်က ၀င်ငွေခွဲဝေမှု မူဝါဒကို အပြောင်းအလဲ မလုပ်နိုင်ဘူးဆိုရင်လည်း ဆင်းရဲချမ်းသာ ကွာဟမှု ဆက်ရှိနေမှာပါ" ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။
ဝင်ငွေခွဲဝေမှုတွင် အပြည့်အ၀ ပြိုင်ဆိုင်မှုရှိသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာရန် အရေးပါပြီး ၎င်းဈေးကွက်၏ ၀ိသေသများတွင် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ တစ်ပြေးညီ ရရှိမှု၊ ဈေးကွက်အတွင်းသို့ မည်သူမဆို ၀င်ရောက်နိုင်မှုတို့ ပါဝင်နေသည်။
မြန်မာနိုင်ငံတွင် အပြည့်အ၀ ပြိုင်ဆိုင်မှုရှိသည့် ဈေးကွက်စီးပွားရေး မရှိသေးလျှင် ခရိုနီစီးပွားရေး ဆက်လက်ဖြစ်နေမည်ဖြစ်ပြီး လက်ဝါးကြီးအုပ် စီးပွားရေး ကာကွယ်တားဆီးရေး ဥပဒေများလည်း ရှိရန်လိုအပ်သည်ဟု သိရသည်။
မြန်မာနိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုက ခုအချိန်မှာဆို ကမ္ဘာ့အမြင့်ဆုံး အခြေအနေလောက် ဖြစ်နေပါတယ်။ ဆက်လက်ပြီး ကွာဟနိုင်ခြေ ရှိမရှိက နိုင်ငံရဲ့ ၀င်ငွေခွဲဝေမှု မူဝါဒအပေါ် မူတည်နေပါတယ်။ နိုင်ငံ့သဘာဝ သယံဇာတတွေဖြစ်တဲ့ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ထုတ်ရောင်းတဲ့ စီးပွားရေးအဖြစ်ပဲ ဆက်လက်ရှိနေမယ်ဆိုရင် ဆင်းရဲချမ်းသာ ကွာဟမှုက ဆက်ပြီးကွာဟ နေမှာပါ . . . . .
"တရုတ်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ Compitition Law တွေ ရှိနေပါပြီ။ မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ ပြည်တွင်းက အချို့ဈေးကွက်တွေဆိုရင် လုံးဝပြိုင်ဆိုင်မှု မရှိတဲ့အတွက် ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဈေးနှုန်းမျိုးလည်း မရှိပါဘူး။ ဒါဟာ အပြည့်အ၀ ပြိုင်ဆိုင်မှုရှိတဲ့ ဈေးကွက်စီးပွားရေးစနစ် မပီပြင်ဘူးဆိုတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီလိုဆက်စပ်မှုတွေကနေ ၀င်ငွေမညီမျှမှု ဆိုတာတွေ ဖြစ်လာတာပါ" ဟု မြန်မာ့ဈေးကွက် ပြိုင်ဆိုင်မှု အခြေအနေနှင့် ပတ်သက်၍ ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။
ဈေးကွက်လက်ဝါးကြီးအုပ်မှုများ မဖြစ်ပေါ်စေဘဲ နိုင်ငံသားတိုင်း စီးပွားလုပ်ကိုင်ခွင့် တန်းတူဖြစ်စေရန်မှာ အခွန်ကောက်ခံရာတွင် အခွင့်ထူးခံများ မရှိစေဘဲ တန်းတူသတ်မှတ် ကောက်ခံရေး၊ စီးပွားရေးတွင် စွန့်ဦးတီထွင် လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးရေးတို့လည်း လိုအပ်နေသည်။
"မြန်မာနိုင်ငံက ခရိုနီတွေက အနည်းဆုံး ဆယ်စုနှစ် နှစ်ခုလောက်စောပြီး အခွင့်ထူးခံ စီးပွားရေး လုပ်နေခဲ့ကြတာပါ။ သူတို့မှာ ငွေအား၊ လူအား၊ နည်းပညာတွေက အခုမှ ဒီလောကထဲ ၀င်မယ့်သူတွေထက် အများကြီး အားသာမှု ရှိနေပါတယ်။ ဒီတော့ အစိုးရအနေနဲ့ လုပ်နိုင်စွမ်းရှိသူကို စီမံကိန်း ပေးမယ်ဆိုရင် သူတို့ပဲ ရဖို့ရှိပါတယ်။ ဒီတော့ စီးပွားရေးမှာ စွန့်ဦးတီထွင်သူတွေ၊ ခုမှလုပ်ငန်း စချင်သူတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒါ့ကြောင့် တန်းတူညီမျှဖြစ်ဖို့ဆိုရင် အခြားသူတွေ လုပ်နိုင်အောင်လည်း အခွင့်အလမ်းတွေ ဖန်တီးပေးရမှာပါ" ဟု ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်နိုင်ရန် ကြိုးပမ်းနေသည့် လူငယ်တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ထိပ်တန်းအခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင် ၅၀၀ ၏ စာရင်းကို မကြာမီ ထုတ်ပြန်သွား မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြီးခဲ့သည့်ဇွန်လ အတွင်းက ပြောကြား ခဲ့သော်လည်း ယခုအချိန်အထိ ထုတ်ပြန်မှု မရှိသေးသည်ကို တွေ့ရသဖြင့်  အခွန်စနစ်၏ ပွင့်လင်းမြင်သာမှု အပေါ် ဝေဖန်မှုအချို့ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်သူများ ရှိနေသောကြောင့် နိုင်ငံအနေနှင့် ရသင့်ရထိုက်သည့် အခွန်များ ရရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကော်မတီနှစ်ခု ပူးပေါင်းကာ အစီရင်ခံစာတစ်စောင် တင်သွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက သြဂုတ် ၁ ရက်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း သုံးသောင်းကျော် ရှိသော်လည်း နှစ်စဉ်အမြတ်ပြ၍ ၀င်ငွေခွန်ဆောင်သည့် လုပ်ငန်းမှာ ၂၀၀၀ ကျော် ၃၀၀၀ ခန့်သာ ရှိသည်ဟု ဆိုသည်။

မြန်မာ့စီးပွားရေးတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများမှာ အများစုဖြစ်ပြီး အသေးစား လုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် စသည်တို့ ပေးအပ်ရန်မှာလည်း မရေရာသေးကြောင်း သိရသည်။ မြန်မာနိုင်ငံသား ၂၆ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေနေဆဲဖြစ်ပြီး လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိကြောင်း၊ လူအများစု၏ တစ်ဦးချင်း တစ်နှစ်ဝင်ငွေမှာ  အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁၀၀၀ အကြားတွင်သာရှိကြောင်း ကမ္ဘာ့ဘဏ်မှ အချက်အလက်များအရ သိရသည်။ 

Eleven

No comments:

Post a Comment