Sunday, September 8, 2013

ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား ပြုလုပ်မည်

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်တွင် သံဃာအပါး ၂၅၀ ကျော်ကို ဆွမ်းကပ်လှူဒါန်းမည်ဟု သိရသည်။
အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရန်ကုန်မြို့ရှိ သံဃာတော်များအပြင် တစ်နိုင်ငံလုံးရှိ သံဃာတော် များကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းအခမ်းအနားကို ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အခြေခံဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ငွေကြာယံကျောင်းမှ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတော် တစ်ပါးဖြစ်သူ ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။
"အခုလို (၆)နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ရတာက ရွှေဝါရောင် တော်လှန်ရေး သမိုင်းတစ်ခု မပျောက် သွားအောင်ပါ။ နောက်တစ်ခုကတော့ အချက်လေးချက်ပေါ့။ ဆရာတော်ကြီး တော်တော်များများ ကိုလည်း ဖိတ်ကြားထားပါတယ်။ ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖို့ အတွက်လည်း သက်ဆိုင်ရာ အသီးသီးကို မေတ္တာရပ်ခံချက်တွေ လုပ်သွားမှာပါ" ဟု ဦးအဂ္ဂဓမ္မက မိန့်သည်။
အခမ်းအနားသည် အထိမ်းအမှတ် အလှူအတန်း တစ်ခုအနေဖြင့် ပြုလုပ်မည်ဖြစ်သောကြောင့် ခွင့်ပြုချက်ရ ယူရန် လိုအပ်သည် မလိုအပ်သည် ဆိုသည်မှာ သုံးသပ်သင့်ကြောင်းနှင့် လိုအပ်ပါက ခွင့်ပြုချက် တင်ပြသွား မည်ဟု ၎င်းကဆက်လက် မိန့်ကြားသည်။
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ စသည့်အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုနှင့် ပြည်သူများ ကျပ်တည်းမှုများ ဖြစ်ပေါ်လာမှုပေါ် အကြောင်းပြု၍ သံဃာတော်များ အနေဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင် ကာ လမ်းမများပေါ်တွင် မေတ္တာသုတ် ရွတ်ဖတ်မှုကို အစိုးရက အကြမ်းဖက်နှိမ်နင်း ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။

Eleven

No comments:

Post a Comment