Monday, October 21, 2013

မလေးရောက် 6P မြန်မာများကို တရားဝင်နေထိုင်ခွင့် ထပ်လုပ်ပေးမည်


မလေးရှားနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ မှတ်ပုံတင်ခဲ့ပြီး တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မရသေးတဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင်ဖြစ်အောင် ဒုတိယအကြိမ်အဖြစ် လုပ်ဆောင်ပေးမယ် လို့ မလေးရှားအစိုးရက ကြေညာပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ကနေ စတင်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာယာ မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးရုံး မှာ  ၃ လတိတိ ဆောင်ရွက်ပေးမယ်လို့ မလေးရှားအာဏာပိုင်တွေက ကြေညာထားတဲ့အကြောင်း မလေး ရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီ စောင့်ရှောက်ရေး စင်တာ(အမ်အမ်အာရ်စီ) က ပြောပါ တယ်။

မလေးရှားနိုင်ငံမှာ တရားမ၀င်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဟာ မလေး ရှား အစိုးရရဲ့ 6P အစီအစဉ်နဲ့ မလေးရှားအခြေစိုက် အကျိုးဆောင် ကုမ္ပဏီတွေ ကနေတဆင့် တရားဝင် ဖြစ်ရေး မှတ်ပုံတင်ခဲ့ပေမယ့် ပါမစ် မရဘဲ ငွေလိမ်ခံခဲ့ကြရပါတယ်။

အခုလုပ်ဆောင်ပေးမယ့် အစီအစဉ်မှာတော့ ကြားဝင်ဆောင်ရွက်ချက်တွေကို လက်မခံသလို အလုပ် ရှင်တွေ ကိုယ်တိုင် လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ ပါမစ်မရတဲ့ အလုပ်သမားတွေအတွက် ကိုယ်တိုင် သွားရောက် လျှောက်ထားရမှာ ဖြစ်တယ်လို့ အမ်အမ်အာရ်စီက ဦးရန်နိုင်ထွန်း က ပြောပါတယ်။

6P ကာလအတွင်းက ပါမစ်မရသူတွေကလည်း လက်ထဲမှာရှိတဲ့ နိုင်ငံကူး လတ်မှတ်နဲ့ ပါမစ် ရရှိအောင် ဆောင်ရွက်နိုင်သလို နိုင်ငံကူးလတ်မှတ်မရှိပါက မလေးရှားလ၀ကရုံးက ပေးတဲ့ အထောက် အထားနဲ့ မြန်မာ သံရုံးမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ကြောင်း ပြောပါတယ်။

ဒီအတွက် မြန်မာသံရုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးသလို အရင်က ပါမစ်ရဖို့ အတွက် အလုပ် သမားတွေ ငွေကုန်ခံထား ရတဲ့ဖြစ် ရပ်တွေ ကို မလေးရှား အလုပ်သမား သမဂ္ဂတွေက မေးခွန်းထုတ် တာတွေ ရှိနေတယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

ဒီအတွက် ပါမစ်မရရှိဘဲ ငွေပေးသွင်းတဲ့သူတွေဟာ အလုပ်ရှင်သူဌေး ကို ခေါ်ယူပြီးတော့ 6P ကာလအတွင်းက ငွေပေးသွင်းထားတဲ့ အထောက် အထား၊ လူဝင်မှုကြီးကြပ်ရေး အထောက် အထား၊ ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီအထောက်အထားနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ရှင်တွေ စတဲ့ အချက် ၄ ချက်နဲ့ သွားရောက် လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

မလေးရှားအခြေစိုက် အလုပ်သမားအကျိုးဆောင် ကုမ္ပဏီတခုဖြစ်တဲ့ မဟာနန်းမှာ ပါမစ်လုပ်ခဲ့ပြီး အလိမ်ခံခဲ့ရတဲ့ မလေးရှားရောက် မြန်မာ အလုပ်သမား ဦးသန်းစိုးဦးကတော့ ပါမစ်စောင့်တာ မရလို့ သူဌေး က အလုပ်ဖြုတ်လိုက်တဲ့အတွက်  ဒီတခေါက် လုပ်ဆောင်ဖို့ ငွေကြေး အခက်အခဲရှိနေတယ် လို့ ပြောပါ တယ်။

မလေးရှားနိုင်ငံမှာ တရားမ၀င် အိုဗာစတေးနဲ့ နေထိုင် အလုပ်လုပ် ကိုင်နေကြ တဲ့ မြန်မာအပါအ၀င် နိုင်ငံခြားသားအလုပ်သမားတွေကို မလေးရှားအစိုးရက ၂၀၁၁ ခုနှစ်တုန်းက အဆင့် ၆ ဆင့်ပါ 6P လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တခု ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

6P အစီအစဉ်မှာ မှတ်ပုံတင်တာ၊  တရားဝင်အဖြစ် လုပ်ဆောင်တာ၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်တာ၊ စစ်ဆေးမှုတွေ ပြုလုပ်တာ၊  အရေးယူ တာနဲ့ ပြည်နှင်ဒဏ်ပေးတာတွေ ပါဝင်ပါတယ်။

အဲဒီအစီအစဉ်ကို မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင် တာဖြစ်ပြီး တရားမ၀င် အလုပ် သမားတွေ တရားဝင် မှတ်ပုံ တင်နိုင်အောင် ဆောင် ရွက်ပေးတာလည်း ဖြစ်ပါတယ်။

အခုလို ပြန်လည် လုပ်ဆောင်ပေးတဲ့အစီအစဉ်မှာတော့ ယခင်  6P အစီ အစဉ် လုပ်ဆောင် စဉ်က ပါမစ်မလုပ်ထားတဲ့သူတွေ ကိုတော့ လျှောက် ထားဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ လည်း သိရပါတယ်။

မလေးရှားနိုင်ငံမှာ  တရားမ၀င်နေထိုင်သူတွေကို  အစိုးရတာဝန်ရှိ သူတွေက စက်တင်ဘာ လဆန်းပိုင်းကတည်းက  စီမံချက်ချပြီး  ဖမ်ဆီးနေရာမှာ  မြန်မာနိုင်ငံသား ၅၀၀ ကျော် အဖမ်းခံထားရသလို မလေးရှားမှာ သိန်းနဲ့ ချီတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လုပ် ကိုင်နေတာလည်း ဖြစ်ပါတယ်။

ကို​ထွေး
ဒီဗွီဘီ

No comments:

Post a Comment