Monday, October 7, 2013

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ အောက်တိုဘာ ၈ ရက်မှစ၍ မြစ်ကြီးနားမြို့၌ ပြုလုပ်မည်

နှစ်ဖက်ခေါင်းဆောင်များ ပါဝင်ကြမည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၌ အောက်တိုဘာ ၈ ရက်မှ စတင်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့သည် အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်နေ့ များတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အောက်တိုဘာ ၈၊ ၉၊ ၁၀ ရက်များတွင် ပြုလုပ် မည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ၌ လေ့လာစောင့်ကြည့် သူများအဖြစ် မည်သည့်အဖွဲ့အစည်းများကို ဖိတ်ကြားမည် ဆိုသည်ကို အတည်ပြု ဆွေးနွေးခဲ့ကြသည်။ ယခု ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား တက်ရောက်မည်ဟု သိရပြီး ကချင်ပြည်နယ် အတွင်းရှိ တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီများလည်း တက်ရောက်ကြမည်ဟု သိရသည်။

"အရင်လူတွေ အားလုံးပါမယ်။ လူနည်းနည်း ထပ်တိုးလာတယ်။ တရုတ်ဘက်က အရင်က တစ်ယောက်လာတယ်။ အခု ငါးယောက်လာမယ်။ ယူအန်က နှစ်ယောက်လာမယ်။ ယူကေတို့၊ ယူအက်စ် တို့ကိုတော့ ကေအိုင်အိုက ဖိတ်တယ်။ ဒါပေမဲ့ အစိုးရက မဖိတ်တဲ့အတွက် လာလို့မရဘူးလို့ ပြောတယ်။ သံရုံးက ပြောတာတော့ အစိုးရကလည်း ဖိတ် ကေအိုင်အိုကလည်း ဖိတ် နှစ်ဖက်ဖိတ်မှ လာလို့ရတယ်လို့ သိရတယ်" ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးစန်းအောင်က ပြောကြားသည်။

အစိုးရအဖွဲ့နှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ပြီးခဲ့သော မေလအတွင်းက ပြုလုပ်ခဲ့ပြီး အစိုးရ အဖွဲ့ကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ် ၄၄ ဦး တက်ရောက်ခဲ့ကာ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စား KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ကိုယ်စားလှယ် ၄၈ ဦး တက်ရောက်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment