Tuesday, October 29, 2013

မီတာခတိုးကောက်သော်လည်း၂၄နာရီ မီးရရန် အာမခံချက် မပေးနိုင်

လျှပ်စစ်ဓါတ်အားသုံးစွဲခများကို နိုဝင်ဘာလမှစတင်ကာ တိုးမြှင့်ကောက်ခံမည်ဆိုသော်လည်း၂၄ နာရီ မီးရရန်ကို အာမခံချက်မပေးနိုင်သေးကြောင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လာမည့်နိုဝင်ဘာလမှစတင်၍ လျှပ်စစ်မီတာခများတိုးမြှင့်ကောက်မည်ဖြစ်ရာ “၂၄ နာရီ လျှပ်စစ်မီးရရန် အာမခံချက်ရှိပြီလား”ဟု People Power၏ မေးမြန်းမှုကို “မပေးနိုင်သေး”ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးထွန်းကျော်ကပြောကြားသည်။

ယင်း လျှပ်စစ်မီး၂၄နာရီမရရှိနိုင်ခြင်းနှင့် ပတ်သတ်သည့် ကျန်မေးခွန်းများကို ဖြေဆိုခြင်းမပြုသည့် အပြင် ဖုန်းထပ်မံခေါ်ဆို၍ မရတော့ချေ။

“ဒါဆို ဘယ်လိုလုပ်မလဲ။ မီးစက်ရင်းထားရဦးမှာပေါ့” ဟု လှိုင်သာယာစက်မှု ဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် ကပြောကြားသည်။

ရိုးရိုးမီတာတစ်ယူနစ်လျှင် ၃၅ ကျပ်၊စက်မှုနှင့်စီးပွားရေးလုပ်ငန်းသုံးမှတာ တစ်ယူနစ်လျှင် ၇၅ ကျပ်ကောက်ခံနေရာမှ ယူနစ် ၁၀၀ အောက် သုံးစွဲသူများကို လက်ရှိနှုန်းအတိုင်း ၃၅ ကျပ်နှင့် ၁၀၀ယူနစ်အထက် သုံးစွဲသူများအား ၅၀ ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး စက်မှုနှင့်စီးပွားရေး လုပ် ငန်းသုံးမီတာ များအား ၁ယူနစ်မှ ၅၀၀၀ယူနစ်အထိ ၁၀၀ကျပ်နှင့် ၅၀၀၀ ယူနစ်ကျော် လွန်သုံးစွဲပါက ၁၅၀ကျပ် ကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနမှ ထုတ်ပြန်သည်။

မီတာခများ တိုးမြှင့်ကောက်ခံမှုကြောင့် ကုန်ထုတ် လုပ်ငန်းများမှာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းလျော့ ကျသွားနိုင်ကြောင်း ယင်းသို့ တိုးကောက်ပါက ၂၄နာရီမီးပေးနိုင်ရန်ကြိုးပမ်းသင့်ကြောင်း လှိုင်သာယာ
စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

“ကမ္ဘာမှာ ဈေးအကြီးဆုံးဆိုပေမယ့် ကျေးဇူးတင်ရပါတယ်၊ ကိုယ့်ဖာသာကိုယ် ဆိုရင် ၃၀၀ လောက်ကျ တယ်” ဟု ၎င်းက ပြောကြားသည်။

ယခုအခါ အခြေခံလုပ်ခလစာများကို တိုးမြှင့်နိုင်ရန်ကြိုးပမ်းနေသော်လည်း လျှပ်စစ်ဓါတ်အားသုံးစွဲခဈေး တက်မှုကြောင့် အခြေခံ စားသောက်ကုန်များဈေးနှုန်းမြင့်တက်လာနိုင်သဖြင့် ပြည်သူများအတွက်မည် သို့မျှ ထူးခြားမည်မဟုတ်ကြောင်း Indigoအထည်ချုပ်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

“မီတာခတိုးကောက်ပြီး မီးပုံမှန်လာရင် မီးအားပြည့်ရင်တော့ ကိစ္စမရှိပါဘူး”ဟု ၎င်းကပြောကြားသည်။

ယခုအချိန်တွင် ၂၄နာရီမီးပေးရန် ချက်ချင်းမဖြစ်နိုင်သည်ကို နားလည်သော် လည်း မီတာခတိုးကောက် ပြီးပါက အချိန်ပြည့် မီးပေးသင့်ကြောင်း Mother Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကပြော ကြားသည်။

“တိုးကောက်မှ ချွေတာရမှန်းသိသွားမယ်”ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၃၀ရာခိုင်နှုန်းသာ လျှပ်စစ်ဓါတ်အား ရရှိကြောင်း၊ လက်ရှိ ဓါတ်အားသုံးစွဲ ခနှုန်းကို၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁ရက် နေ့တွင် ပြောင်းလဲကောက်ခံ ခဲ့ကြောင်း မြန်မာ့လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်မှ တစ်ယူနစ်လျှင် ၂၂ကျပ် အရှုံးခံကာ ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး တစ်နှစ်လျှင် ကျပ်၁၈၅ဘီလီယံ ဆုံးရှုံးနေ ကြောင်း ယင်းလုပ်ငန်းမှသိရသည်။

နိုင်ငံတကာတွင် လျှပ်စစ်မီးကို ယူနစ်အလိုက် ဈေးနှုန်းမြှင့်တင်သုံးစွဲသည့် စနစ်ကို ကျင့်သုံးနေသည် မှာကြာမြင့်နေပြီဖြစ်ပြီး မိမိတို့လည်း ပြောင်းလဲကျင့်သုံးရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင်လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တည်းဖြတ်သူ-နီတိုး
People power

No comments:

Post a Comment