Friday, October 18, 2013

လက်ပံတောင်းတောင် စီမံကိန်း ပြန်လည်စတင်နေပြီး မိုင်းခွဲမှုများကြောင့် သာသနိက အဆောက်အအုံ များအပေါ် သက်ရောက်မှုကို ထုတ်ပြန်မှု မရှိသေးသည့်အတွက် ဒေသခံများ စိုးရိမ်နေ

8.1.1
လယ်တီဆရာတော်ကြီး၏ သိမ်တော်နှင့် စေတီအပါအ၀င် သာသနိက အဆောက်အအုံများ တည်ရှိနေသည့် လက်ပံတောင်းတောင် စီမံကိန်း ဗဟိုချက် မြေနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)      
လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်နေပြီး စီမံကိန်းအတွက် မိုင်းဖောက်ခွဲ မှုများကြောင့် အဆိုပါ စီမံကိန်း ဗဟိုချက် တည့်တည့်တွင် တည်ရှိနေသော သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်မှုများ ရှိနေကြောင်း အောက်တိုဘာ ၁၇ ရက်က သိရသည်။
လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် လည်ပတ်နေမှုအား မြေယာလျော်ကြေး အတွက် နောက် ဆုံး ပေးလျော်ခဲ့သည့် စက်တင်ဘာ ၃၀ ရက် ကျော်လွန်သည့် အချိန်မှ စတင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ပံတောင်းတောင် စီမံကိန်း စတင်ရန် ကြိုးပမ်းစဉ် အချိန်ကပင် လယ်တီ ဆရာတော်ကြီး၏ သာသနိက အဆောက်အအုံများ ပျက်စီးနိုင်သည့်အတွက် ကန့်ကွက် မှုများ ကြုံခဲ့ရသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မတီ အစီရင်ခံစာတွင်လည်း သာသနိက အဆောက်အအုံ များမှာ စီမံကိန်း ဗဟိုချက်နေရာခန့်တွင် တည်ရှိနေသဖြင့် မူလအတိုင်း မပျက်စီးစေဘဲ ရွှေ့ပြောင်းရန် လိုအပ်ကြောင်း ဖော်ပြထားသည့် အတွက် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စေတီနှင့် သိမ်တော်၏ အ၀န်းအ၀ိုင်းခန့်သာ ချန်၍ မြေသားတူးဖော် မှုများကြောင့် မိုင်းခွဲမှုများ ပြုလုပ်ချိန်တွင် ပြိုကျပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
''မိုင်းတွေခွဲနေတာ ရက်တော်တော် ကြာနေပြီ။ သူတို့မိုင်းခွဲတဲ့ နေရာနဲ့ သိမ်တော်တွေ စေတီတော်တွေက ကိုက် ၃၀၀ လောက်ပဲ ကွာပါတယ်။ ပြိုကျမှာ စိုးရိမ်နေရပါတယ်'' ဟု စီမံကိန်းအနီး ရောက်ရှိနေသည့် ကိုစိုးစိုးအောင်က အောက်တိုဘာ ၁၇ ရက်က ပြောကြားသည်။
အဆိုပါ စီမံကိန်း နေရာသည် ဒေသခံများ ဖြတ်သန်း သွားလာခွင့် မရှိသည့် နေရာဖြစ်နေပြီး လယ်တီဆရာတော်ကြီး၏ စေတီတော်တွင် မည်ကဲ့သို့သော သမိုင်းဝင် အဖိုးတန် ဌာပနာပစ္စည်းများ ရှိနေမည်ကို မသိရှိနိုင်ဘဲ မိုင်းခွဲမှုများကြောင့် စေတီပြိုကျခဲ့မည် ဆိုပါက အဆိုပါ ဌာပနာ ပစ္စည်းများ ဆုံးရှုံးနိုင်မည့် အနေအထားတွင် ရှိကြောင်း အဆိုပါ သာသနိက အဆောက်အအုံများအား သုံးကြိမ်ခန့် မွမ်းမံပြင်ဆင်ဖူးသည့် ဒါယကာရင်း တစ်ဦးက ပြောကြားသည်။
စီမံကိန်းအတွင်း ပါဝင်နေသည့် လယ်တီဆရာတော်ကြီး၏ စေတီနှင့် သိမ်တော် အတွက် မြေယာလျော်ကြေး ပေးအပ်မည့် နောက်ဆုံးရက် မတိုင်မီအထိ အဆိုပါ သာသနိက အဆောက် အအုံများ အတွက် မည်သို့ စီမံထားသည်ကို ထုတ်ပြန်မှု မရှိခဲ့သည့်အတွက် စိုးရိမ်ပူပန်နေသော မန္တလေးနှင့် စစ်ကိုင်းမြို့မှ ဗုဒ္ဓဘာသာဝင်များက လက်ပံတောင်းတောင်သို့ စီတန်းလမ်းလျှောက်မှုအား စက်တင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့သဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်စွမ်းအင် ၀န်ကြီးနှင့် သာသနာရေး ၀န်ကြီးတို့က ပြည်ထောင်စု လွှတ်တော်တွင် တင်ပြပေးမည်ဖြစ်ပြီး လွှတ်တော်သို့ တင်ပြနေ စဉ် ကာလအတွင်း မပျက်ယွင်းအောင် ပြုလုပ်ပေးမည် ဟူသည့် ကတိစကားဖြင့် ဆန္ဒပြသူ များအား ညှိနှိုင်း ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြောဆိုမှု ရှိခဲ့သော်လည်း လက်ရှိတွင် စီမံကိန်းကြောင့် ပြိုပျက်နိုင်သည့် အတွက် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် မရရှိမီ ယင်းမိုင်းခွဲမှု စီမံကိန်း လည်ပတ်ရန် လုပ်ဆောင်မှုများအား ရပ်ဆိုင်းစေ လိုကြောင်း ဒေသခံများက ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်းအား တစ်နှစ်ကြာခန့် ရပ်ဆိုင်းခဲ့ရသည့် အတွက် မြန်မာဝမ်ပေါင် ကုမ္ပဏီအနေနှင့် နစ်နာမှုများ ရှိနေပြီး ဒေသခံများနှင့် ဗုဒ္ဓဘာသာဝင်များ တောင်းဆိုသည့် လယ်တီ ဆရာတော်ကြီး၏ စေတီနှင့် သိမ်တော်အား ပြန်လည် တည်ဆောက်ပေးခြင်း သို့မဟုတ် မူရင်းပုံစံ မပျက်မရွေ့ခြင်း စသည့် လုပ်ငန်းစဉ်များ လုပ်ကိုင်ရန် အသင့်ပြင်ဆင်နေပြီး ဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ဒုတိယ အထွေထွေ မန်နေဂျာ Mr. Luo Daqing က ယခုနှစ် စက်တင်ဘာ ၃၀ ရက် မီဒီယာ တွေ့ဆုံမှုတွင် ပြောကြားထားသည်။

Eleven

No comments:

Post a Comment